ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းရှိ ဘိန်းခင်း (၃)ဧကဝန်းကျင်ကို ဖျက်ဆီးလိုက်သည်ဟု CDF CDM SIYIN က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်သည်။
CDF CDM SIYIN ၏ ၂၀၂၄ ခုနှစ် ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရ ဘိန်းခင်း (၃)ဧကခန့်ကို ဒီဇင်ဘာလ (၁၉)ရက်နေ့က ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
"ဘိန်းခင်းပိုင်ရှင်များသည် ပြည်သူများဖြစ်ကြပြီး နိုင်ငံရေးအခြေအနေအရ စားဝတ်နေရေး ခက်ခဲလွန်းသောကြောင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ပြောပါသော်လည်း၊ နိုင်ငံရေးမတည်မငြိမ်မှုကို အခွင့်ကောင်းယူခြင်း စားဝတ်နေရေးအတွက်မဟုတ်ဘဲ ကိုယ့်ကောင်းကျိုးကိုသာကြည့်သော စီးပွားရေးသမားတချို့၏ သွေးထိုးအားပေးမှုကြောင့်သာဖြစ်ကြောင်း တွေ့ရှိရသည်။"ဟု CDF CDM SIYIN ကထုတ်ပြန်ထားသည်။
ထို့ကြောင့် တိုင်းပြည်နှင့် လူမျိုး ရပ်ရွာ အနာဂတ် လှပဖွင့်ဖြိုးသာယာအေးချမ်းရန်အတွက်၊ အနာဂတ်တွင် ဆိုးကျိုးများသာ ရရှိမည်ဖြစ်သောကြောင့် အဆိုပါ ဘိန်းခင်းများကို ဖျက်ဆီးရခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် CDF CDM SIYIN၏ ထိန်းချုပ်နယ်မြေအတွင်း ဘိန်းတိုးချဲ့စိုက်ပျိုးခြင်းကိုလည်း တားမြစ်ထားသည်ဟု သိရသည်။
CDF CDM SIYIN ထိန်းချုပ်နယ်မြေဒေသအတွင်းရှိ ကျန်နေသေးသော ဘိန်းခင်းများကိုလည်း ဖျက်ဆီးမည်ဖြစ်ကာ အခွန်ကောက်လျှင် တရားဝင်စိုက်ခွင့်ပေးရာရောက်သောကြောင့် မည်သည့်အဖွဲ့အစည်းကိုမှ အခွန်ကောက်ခွင့်ပေးမည်မဟုတ်ဟုလည်း ဆိုသည်။
CDF CDM Siyin ထိန်းချုပ်နယ်မြေဒေသတစ်ခုလုံး (၃) နှစ်အတွင်း ဘိန်းစိုက်ပျိုးခြင်းကင်းစင်ရေးစီမံကိန်းချထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_MAT
Photo: CDF Civic Defense Militia -CDM -Siyin