မြိုင်မြို့နယ် လင်းတကောနယ်မြေရဲစခန်းမှ စစ်ကောင်စီစစ်ကြောင်း PDF များ၏ တိုက်ခိုက်မှုကို ခံရသဖြင့် နီပဆေးတောရွာကို မီးရှို့

မြိုင်မြို့နယ် လင်းတကောနယ်မြေရဲစခန်းမှ စစ်ကောင်စီစစ်ကြောင်း PDF များ၏ တိုက်ခိုက်မှုကို ခံရသဖြင့် နီပဆေးတောရွာကို မီးရှို့

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် လင်းတကောနယ်မြေရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်း ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၇)နာရီခန့်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုကို ခံရသဖြင့် နီပဆေးတောရွာကို ပြန်လည်စစ်ကြောင်းထိုး မီးရှို့ရာ ပြည်သူပိုင် နေအိမ် (၁၅)လုံးခန့် မီးလောင်ပျက်စီးကြောင်း သိရသည်။

မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ အင်အား (၇၀)ခန့်ဖြင့် ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်များမှ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁)ဦး သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နောက်သို့အနည်းငယ် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ၄င်းတို့ တပ်စွဲထားသည့် လင်းတကောရွာ၏ အရှေ့တောင်ဘက် (၂)မိုင်ခွဲခန့်အကွာရှိ နီပဆေးတောကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များအား ရှာဖွေမွှေနှောက်ကာ နံနက် (၉)နာရီခန့်တွင် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မီးရှို့နေသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၆၀ မမ လက်နက်ကြီး အပါအဝင် မောင်းသူမဲ့ လေယာဉ်များဖြင့် တနေကုန် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေနှင့် ပက်သက်ပြီး သိရှိရခြင်း မရှိသေးဘဲ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ညနေ (၄)နာရီခန့်တွင် လင်းကတောနယ်မြေရဲစခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်း၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူများ၏ နေအိမ် (၁၅)လုံးခန့် မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူများ၏ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဖော်ပြထားခြင်း မရှိပါ။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်