ပခုက္ကူမြို့ တပ်မ ၁၀၁ မှ မြိုင်စက်မှု ၂ နှင့် မြိုင်မြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ မြိုင်စက်မှု ၂ နှင့် မြိုင်မြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းအား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁)မှ မြိုင်စက်မှု (၂) နှင့် မြိုင်မြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်အား ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ (မြိုင်) ထံမှ သိရသည်။

ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) မှ မြိုင်စက်မှု (၂)သို့ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ ရော့ကတ် (၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင် စက်မှု (၂)သည် မြိုင်မြို့၏ တောင်ဘက် (၄)မိုင်ခန့်အကွာတွင် တည်ရှိသည့် အကြီးစား စက်ရုံသုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ခုဖြစ်သည်။

ထို့နောက် ဒီဇင်ဘာလ (၂၂)ရက်နေ့ ညနေပိုင်းတွင် တပ်မ (၁၀၁)မှ မြိုင်မြို့ပေါ်သို့ ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေတပ်ဖွဲ့များမှ ရော့ကတ် (၆)လုံးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် မြိုင် စက်မှု (၂)တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်သည့် အဆောက်အဦး၏ အမိုးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ၊ မြိုင်မြို့ပေါ်ရှိ စစ်ကြောင်းအား တိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေအား သိရှိခြင်းမရှိသေးကြောင်း ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား မြိုင် ပကဖ တပ်ရင်း (၁)နှင့် ဘာမထီ ရော့ကတ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈) ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ အရာရှိများ တက်ရောက်သည့် ပခုက္ကူမြို့အနီးရှိ လေယာဉ်ကွင်းအဟောင်း ပြန်လည်ဖွင့်လှစ်သည့်ပွဲကို မြိုင် ပကဖ တပ်ရင်း (၁)နှင့် ဘာမထီ ရော့ကတ်အဖွဲ့တို့မှ ရော့ကတ် (၁၇) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကွင်းအနီးအနားသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်