ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိသည့် ဒေသခံ (၂)ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့၏ စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိသည့် ဒေသခံ (၂)ဦး ဖမ်းဆီး သတ်ဖြတ်ခံရ

 စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်ငုတ်တိုရွာမှ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် သတ်ဖြတ်သွားကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကန့်ဘလူမြို့နယ်၊ ချပ်ကြီးပျူအထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၁)နှင့် ၅၅၀ ဆရာတော်ဟု အမည်ခံထားသည့် ကန့်ဘလူပြည်သူ့စစ်ခေါင်းဆောင်(ပျူစောထီး) လက်နက်ကိုင် သင်္ကန်းဝတ် ဝါသဝ ဦးဆောင်သည့် ပျူစောထီးအင်အား(၁၅၀)ဝန်းကျင်ပါသည့် စစ်ကြောင်းနှင့်တိုးသည့် အင်ငုတ်တိုရွာမှ အသက်(၄၅)နှစ်အရွယ် ဦးသိန်းမြင့်နှင့် အသက်(၂၉)နှစ်အရွယ် ကိုချိုသန်း(ခ)ရွှေအိုးစည်တို့ (၂)ဦးအား ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

၎င်းစစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီလ(၉)ရက်နေ့ကလည်း တောင်ပေကုန်းရွာမှ အရှေ့ဘက်သို့ စစ်ကြောင်းထိုးထွက်ခွါလာပြီး ရှမ်းကုန်းရွာဘက်မှတဆင့် ချပ်ကြီးရွာပျူအထိုင်စခန်းသို့ ရောက်ရှိကာ ယနေ့တွင် ချပ်ကြီးရွာပျူစောထီးအထိုင်စခန်းမှ ပြန်လည်ထွက်ခွါလာပြီး အင်ငုတ်တိုရွာအနီး၌ တပ်ဖျောက်ကာ ချပ်သင်းရွာအနီးသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါရွာသည် ယခင်ကတည်းကပင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမီးရှို့ကြသဖြင့် ဒေသခံများတိမ်းရှောင် ပြောင်းရွေ့နေကြခြင်းဖြစ်ပြီး ညပိုင်းတွင် ဒေသခံတချို့ အိမ်ပြန်အိပ်ရာက စစ်ကောင်စီတပ်နှင့်တိုးကာ ဖမ်းဆီးသတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အင်ငုတ်တိုရွာသည် ၂၀၂၂ခုနှစ် ဧပြီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ်တိုင်မီးရှို့ခံထားရပြီး နေအိမ်(၁၅၇)လုံးအထိ မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ရသည့် ကျေးရွာဖြစ်သည်။