ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းထားသည့် နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၃)နာရီဝန်းကျင်တွင် နောင်ချိုမြို့နယ်အတွင်းကို လေယာဉ်နှစ်စီးဖြင့် ဗုံးနှစ်လုံးကြဲချသွားသည်ဟု ဆိုသည်။
“နောင်ချိုကို နှစ်လုံးကြဲသွားတယ်။ စျေးရပ်ကွက် အောက်ဖက်၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းလို့လည်း သိရတယ်။ လောယာဥ်က (၂)စီးနဲ့ ကြဲတာ။ ထိခိုက်ပျက်စီးမှု အသေးစိတ်ကို မသိရသေးဘူး။”ဟု နောင်ချိုမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်က နောင်ချိုမြို့တွင်းအား ဗုံးနှစ်လုံးကြဲတိုက်ခိုက်ပြီး မြေပြင်အသေးစိတ်အခြေအနေကို မသိရသေးဟု TNLA ရှေ့တန်းရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဗုံးကြဲတိုက်ခိုက်မှုနှင့် တပြိုင်နက်တည်းပင် ပြင်ဦးလွင်မြို့ရှိ ဧက (၁၀၀၀၀)မှ TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်နေသည့် တောင်ခမ်းဖက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
TNLA သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားပြီး ၎င်းတို့၏ မဟာမိတ် MNDAA မှာမူ စစ်ကောင်စီနှင့် ဇန်နဝါရီလ (၁၈)ရက်နေ့ကစတင်ကာ တရားဝင် အပစ်ရပ်သွားပြီ ဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:Internet (ပုံဟောင်း)