မိုင်းဖြတ်မြို့တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လူကုန်ကူးမှုများ ပြုလုပ်နေသည်မှာ ဈေးကွက်တစ်ခုလို ဖြစ်နေ 

မိုင်းဖြတ်မြို့တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လူကုန်ကူးမှုများ ပြုလုပ်နေသည်မှာ ဈေးကွက်တစ်ခုလို ဖြစ်နေ 
ဒီဇင်ဘာ 24, 2024 | 2021 Military Coup| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း၌ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်ပြီး လူစားထိုးရန်အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လူကုန်ကူးမှုများ ပြုလုပ်နေသည်မှာ ဈေးကွက်တစ်ခုလို ဖြစ်နေပြီး ရပ်ကွက်နှင့်ကျေးရွာများက ငွေကြေးများ ပေးနေရကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအတွက် လူစားထိုးနိုင်ရန် ရပ်ကွက်နှင့်ကျေးရွာများက ငွေကြေးအမြောက်အများပေးနေရကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က  အောက်ခြေ ရပ်/ကျေးများနှင့် ပေါင်းစားနေကြောင်း ဒေသခံများက ဆိုသည်။

"မိုင်းဖြတ်မြို့မှာ ပြည်သူ့ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်နဲ့အုပ်စု‌တွေမှာ စစ်မှုထမ်းဖို့ အလှည့်ကျတဲ့ လူအတွက် အစားထိုး လူငှားထည့်နေတဲ့ လူကုန်ကူးဈေးကွက်တစ်ခုဖြစ်နေတယ်။ စစ်မှုထမ်းဖို့ လူကို အစားထိုးရာမှာ ပြည်မဘက်က လူ‌တွေကို ကြားက‌နေ ချိတ်ဆက်‌‌ခေါ်ပေး‌‌နေတဲ့  သူကတော့ ပန်းဝတ်ရည်ထွေး ဆိုတဲ့ အမျိုးသမီးနဲ့ မိုင်းဖြတ် ထွေအုပ်က ရပ်/ကျေးစာရေး  ထွန်း‌အောင်ကျော် နဲ့  အောင်ပြည့်ဖြိုး ဖြစ်‌ပါတယ်။ သူတို့ ခေါ်လာတဲ့ ပြည်မဘက်က လူ‌တွေကို စစ်သားသစ်ထည့်ပေးဖို့ အလှည့်ကျတဲ့ အုပ်စု/ရပ်ကွက်စာရေးတွေဆီကို ဈေးအနည်း/အများ ကြည့်ပြီး အများ‌ဆုံး‌ပေးနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေဆီကို ထည့်ပေး လိုက်တယ်။"ဟု ဒေသအတွင်း အခြေအနေများကို အနီးကပ် စောင့်ကြည့်နေသည့် အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ပြောသည်။

စစ်ကောင်စီအတွက် တပ်သားသစ်များ ရှာဖွေပေးရန်အတွက် ငွေကြေးပေးရပြီး ငွေကြေးမပေးနိုင်သည့် နေအိမ်ကို ကျေးရွာကနေ မောင်းထုတ်သည့် ဖြစ်စဉ် ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်းမှာပင် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

"တပ်သားသစ်အတွက် ပြည်မကလူကို ကျေးရွာအုပ်စုတွေဘက်က ပြန်ငှားတဲ့‌ ဈေးနှုန်းက တစ်ဦးကို ကျပ်သိန်း(၁၅ဝ)နဲ့ ကျပ်သိန်း(၂ဝဝ)အကြား ငွေကြေးပမာဏအထိကို ပေးနေရပါတယ်။ အဲ့ဒီလို ငွေကို သိန်းရာချီပေး အစားထိုးနိုင်ဖို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက သူတို့ ဒေသခံ လူထုကို တစ်အိမ်‌ငွေ ဘယ်လောက်‌ဆိုပြီး ခွဲတမ်းချလိုက်တယ်။  မိုင်းဖြတ်အုပ်စုထဲက ရွာတစ်ရွာမှာဆိုရင် တစ်အိမ်ကို ကျပ်(၁၀)သိန်းအထိ ပေးရသလို ကျပ်(၁၀)သိန်း အပြည့် မပေးနိုင်တဲ့ နေအိမ်က ရွာကနေ မောင်းထုတ်တဲ့အထိ ဖြစ်သွားခဲ့တယ်။"ဟု ၎င်းက ဆက်လက် ပြောပြသည်။

 

စစ်သားသစ်အတွက် လူစားထိုးရန် မိုင်းဖြတ်မြို့နယ်အတွင်း အိမ်ခြေအနည်းငယ်သာရှိသည့် မိုင်းတင်းကျေးရွာအုပ်စုတွင် စစ်မှုထမ်းအပတ်စဉ် (၅)အတွက် ထိုင်းဘတ်ငွေ (၁)သိန်းခွဲ ပေးရသလို အောက်တိုဘာလအတွင်းကလည်း ကျပ်ငွေ(၆၃)သိန်းကို ထပ်ပေးရသည့်အတွက် ကျေးရွာနေ ပြည်သူများမှာ ငြီးငြူနေကြရပြီဖြစ်ကြောင်း သိရသည်။

( တာချီလိတ်ခရိုင်သည် ထိုင်းနယ်စပ်တွင်ရှိပြီး ထိုင်းဘတ်ငွေကို တာချီလိတ်ခရိုင်တစ်ခုလုံးက အလေးထား သုံးစွဲကြ၍ မိုင်းဖြတ်မြို့တွင်လည်း ကျပ်ငွေအပြင် ထိုင်းဘတ်ငွေကိုလည်း အသုံးပြကြသည်။ )



ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွင်း ငွေကြေးကောက်ခံကာ လုပ်ဆောင်နေကြရာတွင်  မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး နှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်လဝကမှူးတို့ ပါဝင်သည့် သက်ဆိုင်ရာများက ပေါင်းစားနေကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

 မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး

"မိုင်းတင်းကျေးရွာအုပ်စု ကနေ လူဦးရေနဲ့အိမ်ခြေအရ တကယ်တမ်း လူငှားထည့်တာက မြို့နယ်စာရင်းချုပ်မှာ(၁)ယောက်ပဲ အတည်ပြုထားတာ။ နောက်ဆုံး ရွာက ပေးလိုက်ရတဲ့ ကျပ်(၆၃)သိန်းကို  ရပ်‌ကျေး စာရေး အောင်ပြည့်ဖြိုးက အလွတ်ကြီး ယူသုံးလိုက်တာပဲ။  ရွာက ပျက်‌တော့မယ်လို့ ပြောပါတယ်။ ဒီထွေအုပ် ရပ်/ကျေးတွေဖြစ်တဲ့  ထွန်းအောင်ကျော် နဲ့ အောင်ပြည့်ဖြိုးတို့လုပ်တာကို တိုင်လည်း  သူတို့လူတွေ ပေါင်းစားနေကြတာဆိုတော့ တိုင်တာပဲ အဖတ်တင်တယ်။ သက်ဆိုင်ရာ အကြီးအကဲတွေကိုယ်တိုင်က ပေါင်းစားနေတာ"ဟု နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပြသည်။



 လူစားထိုးရန်အတွက် ပြည်မကနေ လူကုန်ကူးခံရသူများမှာ မည်မျှရသည်ကို မသိရသော်လည်း ရပ်/ကျေးနှင့်သက်ဆိုင်ရာအကြီးအကဲများက အကျိုးအမြတ်များရရှိသည်ဟုလည်း ဆိုသည်။

 

"ပြည်မက လာတဲ့ စစ်သားသစ် လူအစားထိုးဖို့ လုပ်မဲ့သူအတွက် မြို့နယ်ထဲ အလှည့်ကျ ရွာတွေရဲ့ အိမ်ထောင်စု စာရင်းထဲ ထည့်ပေးတဲ့ မြို့နယ် လဝက ဦးစီးမှူးက အနည်းဆုံး ကျပ်(၁၀)သိန်း ရတယ်။ ကျပ်(၁၀)သိန်းဆိုတာက မှတ်ပုံတင်မပါဘူး။ အိမ်ထောင်စု စာရင်းထဲ ထည့်ပေးတာပဲ။ မှတ်ပုံတင်ပါ ယူမယ်ဆို ဒီဖက် ပိုပေး၇တယ်။ စစ်မှုထမ်း လူစားထိုး ကိစ္စတွေက မြို့နယ်အုပ်ချုပ်ရေးမှူးက အစ ပါနေတာ။ ဒီလိုနည်း အမျိုးမျိုးနဲ့ လူကုန်ကူးသလို လုပ်ပြီး လူပွဲစား ရောင်းစားနေကြတာက ဒေသခံ ပြည်သူတွေ အော့နှလုံးနာကြပါတယ်။ အခုကိစ္စကို စီးပွားဖြစ် လုပ်ငန်းလို သူတို့တွေ လုပ်ကိုင်နေကြတာ။ ဒေသခံ ပြည်သူတွေဆီက ငွေယူပြီး လူကုန်ကူးနေကြတာ။"ဟု ၎င်းက ဆက်လက်ပြောပြသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သတ်မှတ်လိုက်သည့် ဥပဒေ နှင့် အမိန့်များသည် အောက်ခြေ အဆင့်ဆင့် ဌာနများအတွက် လုပ်စားစရာ ဝင်ငွေလမ်းကြောင်းများ ဖြစ်နေသည်။

 

နိုင်ငံအတွင်း စစ်ရှုံးနေပြီး စစ်သည် အင်အားလျော့နည်းလာချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းကာ စစ်သားသစ်အတွက် အတင်းအဓမ္မ လူသစ်စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေရာ ရှေ့တန်း စစ်မြေပြင်တွင် စစ်သုံ့ပန်းအဖြစ် အဖမ်းခံရသူများနှင့် သေဆုံးသူများထဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲသွင်းခံရသည့် စစ်သားသစ်များစွာ ပါဝင်နေသည်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က ထုတ်ပြန်သည့် ဓါတ်ပုံနှင့်ဗီဒီယိုများတွင် တွေ့ရသည်။