ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန်က ကီလိုဆိုင်တွင် အမျိုးသမီးတစ်ဦးက လောင်ချာပစ်ဗုံးသီးဟောင်းတစ်လုံးကို ထုရိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ ဒဏ်ရာရသွားကြောင်း သိရသည်။
“M6 60 ဗုံးသီးဟောင်းပေါ့။ သွားထုမိတော့ ပေါက်ကွဲမှုဖြစ်သွားတာ။ ကိုးကန့်ထုတ် လောင်ချာပစ်ဗုံးသီး"
ဟု အခင်းဖြစ်နေရာသို့ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ခေါင်ရပ်ကွက်အတွင်း မယ်ခေါင် (၃)လမ်းရှိ ကီလိုဆိုင် (သံတိုသံစပစ္စည်းအဟောင်းအရောင်းအဝယ်ဆိုင်) မှ မထွေးညိုသည် သံတိုသံစအဟောင်းများကို ရောင်းချရန် ထုရိုက်နေစဉ် ဗုံးသီးဟောင်းတစ်လုံးကို ထုရိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် မထွေးညိုတွင် မျက်နှာ၊ ဆီးခုံ၊ ပေါင်နှင့် ခြေထောက်တို့၌ ဒဏ်ရာများရသွားပြီး အဆောက်အဦး အတွင်း သံတိုသံစပစ္စည်းများနှင့် အမိုးတွင်လည်း ထိခိုက်ပျက်စီးမှုအနည်းငယ် ရသွားသည်ကို တွေ့ရသည်။
ဒဏ်ရာရသူကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေပြီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။