မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၁၈)၌ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက စစ်ဆေးရေးပြုလုပ်သည်ဟု နွားထိုးကြီး PDF ထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၁၈)နှင့် (၃၁၉) ကြားရှိ ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆေးခြင်းများ ထပ်မံပြုလုပ်ခြင်းဖြစ်သည်။
“အခုလို စစ်ဆေးမှုတွေလုပ်တာက ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းမှာ စစ်ကောင်စီတပ်က တစ်မိုင်ကျော်ကျော် တစ်မိုင်ပတ်ချာလည်မှာပဲ လမ်းတံတား တစ်ခု၊ တစ်ခုမှာ ဂိတ်တွေရှိတယ်ပေါ့နော်။ အဲဒီကြားထဲက ကျွန်တော်တို့က ဒီလမ်းမတွေပေါ် ရအောင်ထိုးဖောက်ဝင်ရောက်ပြီးတယ်ဆိုတာက ကျွန်တော်တို့ ဘယ်လိုပြောရမလဲ စစ်ကောင်စီတပ်က အခုလောလောဆယ်မှာ အဲဒီလမ်းပိုင်းကို သူ့ရဲ့ဌာနဆိုင်ရာက ဝန်ထမ်းပေါင်းများစွာနဲ့ ပြီးရင် စစ်ကောင်စီတပ်သားတွေ ပြီးရင် အရာရှိပေါ့နော် အရာရှိယာဉ်တန်းတွေကအစ အဲဒီလမ်းပေါ်ကနေ အသုံးပြု သွားလာနေတာဖြစ်တဲ့အတွက်ကြောင့် ဒါမျိုးတက်ပြီးတော့ စစ်ဆေးမှုတွေပြုလုပ်တာပါ။”ဟု နွားထိုးကြီး PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မလိုအပ်ဘဲ ခရီးမသွားကြရန်၊ ညအချိန်မတော် မထွက်ကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ရှေ့ဆက်တိုး၍ ကားမမောင်းဘဲ နီးစပ်ရာလုံခြုံသောနေရာများတွင် နေထိုင်ကြရန် နွားထိုးကြီး PDF က သတိပေးထားသည်။
“မစ်ရှင်လုပ်ခဲ့တဲ့နေရာနဲ့ သိပ့်အဝေးဘူးပေါ့နော်။ ဒီလိုမျိုးတွေ တောက်လျောက်လုပ်နေတယ်ဆိုတာက ကျွန်တော်တို့လည်း အခုနောက်ပိုင်းတွေမှာ ဒီလမ်းမတွေပေါ်မှာ တိုက်ပွဲတွေဖြစ်လာဖို့က ရာခိုင်နှုန်းများနေတဲ့အတွက် ပြည်သူကိုလည်း အဓိက ချပြချင်တယ် အသိပေးချင်တာလေးတွေရှိတဲ့အတွက် တက်ဖြစ်တာပါ။”ဟု သူကဆက်ပြောသည်။
ဒီဇင်ဘာလ (၁၂)ရက်နေ့က အမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသည့် ပြည်သူများအား မှတ်ပုံတင်စစ်ဆေးခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့်် မသင်္ကာသည့် လူငယ်များအား ဖမ်းဆီးခြင်းများပြုလုပ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၈)နှင့် (၃၁၉)ကြားရှိ ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နွားထိုးကြီး PDF သည် ၂၀၂၄ခုနှစ် ဇူလိုင်လကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၂၂)အနီး၌ စစ်ကောင်စီတပ်၏ စစ်ကား(၃)စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
#TachileikNewsAgency
#TNA_MAT
Photo: နွားထိုးကြီး PDF