မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ်မှ အမ်းမြို့နယ်သို့ စစ်ကူသွားမည့် စစ်ကောင်စီ၏ ရှေ့ပြေးကင်းထောက်စစ်ယာဉ်တန်းအား ကြားဖြတ်တိုက်ခိုက်ကြောင်း အရှိုချင်းကာကွယ်ရေးတပ် - ACDF ထံမှ သိရသည်။
ငဖဲမြို့နယ်မှ အမ်းမြို့နယ်သို့ စစ်ကူသွားမည့် ဗိုလ်ကြီးတစ်ဦး ပါဝင်သည့် အင်အား (၃၂)ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းထောက်စစ်ယာဉ်တန်းကို ဒီဇင်ဘာလ (၂၀) ရက်နေ့ မနက် (၉)နာရီခန့်တွင် ငဖဲမြို့နယ်အတွင်းရှိ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် အရှိုချင်းကာကွယ်ရေးတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၄)ဦး သေဆုံးပြီး ၊ ဗိုလ်ကြီးတဦးအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့်သီးခြား အတည်မပြုနိုင်ပါ။
တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီဘက်မှ ရန်အောင်မြေဘုရားကုန်းမှ (၆၀)မမ ပစ်ကူပေးပြီး ၊ စပ်စီ ဘုန်းကြီးကျောင်း၌ တပ်စွဲသည့် စစ်ကောင်စီတပ်နှင့် က.ပ.စ (၁၀)မှ ကား (၄)စီးဖြင့် နှစ်ဖက်ညှပ် စစ်ကူလာကြသည့်အတွက် လက်နက်ရှင်းလင်းခြင်း မလုပ်နိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)မှ တပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ (၄) ရက်နေ့ကလည်း အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း (၁၂)ဦးအား လက်နက်များနှင့်အတူ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ New Society Army (NSA) နှင့် ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA) မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: Asho Chin Defence Force - ACDF