စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့်ပျူစောထီး ပူးပေါင်းစစ်ကြောင်းအား PDF တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) စစ်ဒေသထံမှ သိရသည်။
ကျွန်းလှမြို့နယ် ကံပေါက် (ပျူစောထီး) ရွာမှ ထိုးစစ်ဆင်လာသည့် အင်အား (၁၆၀)ခန့်ပါရှိသည့် ခမရ (၃၆၁)တပ် နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းအား ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် PDF တပ်ဖွဲ့များမှ ကန့်ဘလူမြို့နယ်အတွင်း မကျီးကုန်းရွာ အနောက်ဘက်၌ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းမှ (၁၅)ဦး သေဆုံးပြီး (၂၀)ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသက ဆိုသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ ငါးကြင်းမြီး (MA-15) (၁)လက်၊ MA-1 (၁)လက်၊ MA-2 (၁)လက်၊ G-3 (၂)လက်၊ ကာဘိုင် (၅)လက်၊ ကျည်မျိုးစုံ (၁၆၇၀)တောင့်၊ ဗုံးသီးမျိုးစုံ (၃)လုံး၊ နင်းမိုင်း (၆)လုံး၊ RPG (၃)လုံး၊ ငါးကြင်းမြီးခါးပတ် (၁)ခု၊ ကျည်အိမ်မျိုးစုံ (၂၁)ခု၊ RT စက် (၁)လုံး၊ လက်ကောက် (၂)ကွင်း၊ လက်စွပ် (၁)ကွင်း၊ ဆွဲကြိုးအပြတ် (၁)ခု၊ နားကပ် (၁)ခု၊ ငွေသား (၃၂၀,၈၀၀) ကျပ်နှင့် လူသုံးကုန် ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ ကန့်ဘလူခရိုင် နှင့် ကျွန်းလှမြို့နယ် အတွင်းရှိ ပကဖ၊ ပလဖ၊ ပအဖ၊ ကန့်ဘလူခရိုင် ထုတ်နှုတ်ဒရုန်းအဖွဲ့နှင့် ဒေသခံ ပကဖ တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၃)ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ မဒေါင်ရွာတွင် အခြေပြုနေသည့် ခမရ (၃၆၁) နှင့် ပျူစောထီး ပူးပေါင်းအင်အား (၇၀) ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း(၁) နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုတချို့ရှိခဲ့ကာ သေနတ် (၁)လက် ၊ လက်ပစ်ဗုံး (၁)လုံးနှင့် ခဲယမ်းပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: အမှတ် ၁ စစ်ဒေသ