တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ်တဦးအပါအဝင် ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ်တဦးအပါအဝင် ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ
အောက်တိုဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ပြီးခဲ့သည့် (၇)ရက်တာအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ်တဦးအပါအဝင် (၂)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း တောင်ပိုင်းစစ်ဒေသ၏ အပတ်စဉ် အချက်အလက်ကောက်ယူမှုအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့မှ အောက်တိုဘာလ (၆)ရက်နေ့အထိ (၇)ရက်တာအတွင်း စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ဝေခံအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ်တဦးနှင့် အမျိုးသမီးတဦး စုစုပေါင်း (၂)ဦး သေဆုံးခဲ့ပြီး ကလေးငယ် (၄)ဦး အပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်မှုထမ်း အပတ်စဉ် (၆)အတွက် လူငယ်များကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ရန် ဖမ်းဆီးခြင်းခံရသူ ဦးရေ (၈၇) ဦး ရှိပြီဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်အဆောက်အဦးများ ပျက်စီးမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသက ဆိုသည်။

စစ်ကောင်စီတပ်သည် စစ်သားအင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် လမ်းသွားလမ်းလာများကိုသာမက၊ စက်ရုံအလုပ်သမားများ၊ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်များကိုပါ ဖမ်းဆီးခေါ်ဆောင်နေပြီး စစ်မှုထမ်းစာရင်းပါသည့် လူငယ် မရှိပါကလည်း များပြားသည့်ငွေပမာဏတောင်းခြင်းတို့ကို နေရာအများစုတွင် ပြုလုပ်နေကြောင်း တောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။

ထို့အပြင် ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရောက်နေရသူများကိုပါ သန်းခေါင်စာရင်းကောက်ယူရန်အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ နေရပ်ပြန်စေပြီး အိမ်ထောင်စုစာရင်း ကောက်ခံခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဖော်ပြပါအချက်အလက်များသည် ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိခိုက်သေဆုံးမှုများ ပိုမိုများပြားနိုင်ကြောင်း တောင်ပိုင်းစစ်ဒေသမှ အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်း၌ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: စွယ်တော်ကုန်း အမြောက်တပ်စခန်းက ပစ်သည့် လက်နက်ကြီးကျည်ထိ၍ ပျက်စီးသွားသော ဖလူးကြီးကျေးရွာစာသင်ကျောင်းဆောင်