ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်များ ဝင်သိမ်း

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးတပ်များ ဝင်သိမ်း

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။ 

ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲထားသည့် ခလရ(၁၀၆)နှင့် ခမရ(၅၈၇) ပူးပေါင်းစစ်ကောင်စီစခန်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးအပါ (၄)ဦးသေပြီး (၇)ဦး ဒဏ်ရာရသည်ဟု Mon State Revolutionary Force – MSRF က ယနေ့ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ထို့အပြင် MA-2 တစ်လက်၊ ၅.၅၆ ကျည် (၇၀၀)တောင့်၊ ကျည်ဘောက် (၅)ခု၊ (၆၀)မမ ကျည် တစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ နင်းမိုင်းတစ်လုံး၊ ဂက်စ်(၂)လုံး၊ အီနာကာခွင်းဗုံး တစ်လုံး၊ အီးကွေးမင်း (၄)စုံ၊ ကျောပိုးအိတ် (၄)လုံး၊ ဖုန်း (၂)လုံး၊ BAOFENG ဆက်သွယ်ရေးစက်တစ်လုံးတို့ကို သိမ်းဆည်းရရှိပြီး တပ်စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်နှစ်ဦးကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ KNLA တပ်ရင်း (၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP - AD) နှင့် YPDF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Mon State Revolutionary Force - MSRF