ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်မှ ပြည်သူ ၅၀ ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီးထား

ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်မှ ပြည်သူ ၅၀ ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်မှ ပြည်သူ (၅၀)ခန့်အား ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး အနည်းဆုံး ပြည်သူ (၂၂)ဦးခန့်အား သတ်ဖြတ်ကြောင်း Student Armed Force ကျောင်းသားလက်ရုံးတပ်တော်ထံမှ သိရသည်။

စက်တင်ဘာလကုန်တွင် ဘုတလင်မြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီရဲစခန်းမှ ဘုတလင်မြို့သို့ ပြန်လာသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ချေမှုန်းခဲ့အပြီးတွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အင်အား (၁၀၀)ခန့်ပါရှိသည့် စစ်ကြောင်းတကြောင်း စေလွှတ်ခဲ့ကြောင်း သိရသည်။

အင်အား (၁၀၀)ခန့် ပါရှိသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ရွာမီးရှို့ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ (၁၂)ရက်နေ့တွင် ဘုတလင်မြို့တွင်းရှိ ဈေးဆိုင်အိမ်တအိမ်တွင် (၇)နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ပြည်သူ (၆)ဦးကို သတ်ဖြတ်ခဲ့ပြီး ထိုနေ့တွင်ပင် စစ်ကောင်စီလေတပ်မှ ငပယင်းရွာအား လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၁၃)ရက်နေ့တွင်  စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့နှင့် မြောက်ကျီရွာတွင် ပြည်သူ (၈)ဦးကို ထပ်မံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၁၇)ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) တွင် စီပါရွာ၌ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၃)ဦးတို့ကို လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်၍ ခေါင်းဖြတ်ခြင်း၊ ခြေလက်များဖြတ်ခြင်း၊ အရေခွံစုတ်ခြင်း၊ အမျိုးသားလိင်အင်္ဂါကိုဖြတ်၍ အမျိုးသမီးရုပ်အလောင်း၏ ပါးစပ်တွင်းထည့်ထားခြင်းများ ပြုလုပ်ပြီး အဆိုပါရုပ်အလောင်းများကို ထန်းလက်ကာ ခြံစည်းရိုးတွင် စိုက်ထူထားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်မှုများ လုပ်ဆောင်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းသည် စီပါရွာမှ ပြည်သူ (၁၀)ဦးကို ဓားစာခံအဖြစ် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စီပါရွာအား မီးရှို့ဖျက်စီးခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ဆိုသည်။

ထို့နောက် အောက်တိုဘာလ (၁၈)ရက်နေ့တွင် ညောင်ကန်ရွာအား လေကြောင်းမှ (၉)ကြိမ်၊ ဟော်ဝေဇာဖြင့် (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၊ အောက်တိုဘာလ (၂၀)ရက်နေ့တွင် သခွတ္တနယ်ရွာနှင့် ဂွေးပင်ကျင်းရွာအား လေကြောင်းတိုက်ခိုက်မှု (၉)ကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာလ (၂၁) ရက်နေ့ ညနေပိုင်းတွင် ဘုတလင်မြို့နယ်အတွင်းရှိ စိုင်ပြင်လေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ဘုတလင်မြို့နယ်အတွင်း ယာယီစစ်ရှောင် (၁၀,၀၀၀)ခန့် ရှိနေပြီဖြစ်ပြီး ၊ နေရာဒေသအသီးသီးမှ ပြည်သူလူထုအနေဖြင့် စစ်ရှောင်ပြည်သူများနှင့် ဘုတလင်ဒေသရှိပြည်သူများအား ကူညီထောက်ပံ့ကြရန် ကျောင်းသားလက်ရုံးတပ်တော်မှ တိုက်တွန်းထားသည်။

အညာစစ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့်လည်း စစ်ရေးဆောင်ရွက်မှုများ ဆက်လက် အရှိန်မြှင့်ဆောင်ရွက်နေကြောင်း Student Armed Force ကျောင်းသားလက်ရုံးတပ်တော်မှ အသိပေးထားသည်။

#TachileikNewsAgency

Photo : စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါစီရွာတွင် ပြည်သူများကို သတ်ဖြတ်ခဲ့စဥ်