ရှမ်းမြောက်နှင့် မိုးကုတ်မြို့ အရှေ့ပိုင်းတွင် လက်နက်ကြီးကြောင့် တစ်ရက်အတွင်း ဒေသခံ ၅ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

ရှမ်းမြောက်နှင့် မိုးကုတ်မြို့ အရှေ့ပိုင်းတွင် လက်နက်ကြီးကြောင့် တစ်ရက်အတွင်း ဒေသခံ ၅ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ
ဇူလိုင် 14, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့အတွင်း လက်နက်ကြီးကျကာ အရပ်သား (၅)ဦးသေဆုံးပြီး (၁၂)ဦးဒဏ်ရာရကြောင်း TNLAထံမှ သိရသည်။

ယနေ့ညနေပိုင်းတွင် စစ်တန်းကုန်းရပ်ကွက်ရှိ နေအိမ်ပေါ်သို့ လက်နက်ကြီးကျကာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၁)ဦး ပြင်းထန်ဒဏ်ရာရရှိပြီး သဖန်းပင်၊ မြို့မရပ်ကွက်နှင့် မင်းတံတား ရပ်ကွက်တို့တွင်လည်း လက်နက်ကြီးစထိမှန်ပြီး အရပ်သား(၇)ဦး ဒဏ်ရာရကာ (၃)ဦး သေဆုံးသည်ဟု သိရသည်။

ထို့အပြင် ကျောက်မဲမြို့ ရပ်ကွက် (၁)ရှိ နေအိမ်တစ်အိမ်ပေါ်သို့ လက်နက်ကြီးကျကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောက်မဲမြို့နယ် မန်မိုင်ရွာတွင်လည်း အမျိုးသမီး (၁)ဦး သေဆုံးသည်ဟု ဆိုသည်။

လားရှိုးမြို့ ရပ်ကွက် (၄)ကိုလည်း လက်နက်ကြီးကျကာ အသက် (၅၀)နှစ်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရပြီး မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမ်းခမ်းအင်တွင်လည်း ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျကာ အသက် (၃၈)နှစ်အရွယ် ဦးသိန်းသန်းဆိုသူ သေဆုံးကာ နေအိမ် (၁)လုံး ပျက်စီးသည်ဟု သိရသည်။

တိုက်ပွဲကာလ ရက်(၂၀)အတွင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ စုစုပေါင်း (၆၆)ဦး သေဆုံးမှုရှိပြီး (၁၀၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency

Photo: PSLF/TNLA News