အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အရပ်သား(၃)ဦး ဒဏ်ရာရသည်ဟု သိရသည်။
စစ်ကောင်စီသည် တိုက်လေယာဥ်နှစ်စီးဖြင့် ည(၁၁)နာရီကျော်တွင် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဒဏ်ရာရသူများမှာ သံတွဲမြို့ အမှတ် (၁)ရပ်ကွက်မှ ဒေါ်အုန်းမြင့် (၈၅)နှစ်၊ ဒေါ်တင်တင်ချို (၅၅)နှစ်နှင့် ဦးရဲအောင် (၆၃)နှစ်တို့ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီသည် အမှတ် (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် စံပယ်လမ်းထိပ်၊ အမှတ် (၄)ရပ်ကွက်၊ ဗိုလ်ကုန်းရှိ မြေစာရင်းရုံးတို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
"အမှတ်(၁)ရပ်ကွက်ထဲကျတာက (၃) ဦးဒဏ်ရာရတယ်။ နေအိမ် (၂) လုံးပျက်စီးတယ်။ အမှတ် (၄)ရပ်ကွက်ထဲကျတာက မြေစာရင်းရုံး ပျက်စီးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း သံတွဲမြို့ကို စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချရာ အမှတ်(၇) ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အငြိမ်းစားသူနာပြု ဆရာမ ဒေါ်ခင်မေရီ ဒဏ်ရာရရှိခဲ့သည်။
#TachileikNewsAgency
Photo:APM