မွန်ပြည်နယ်အတွင်း မွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တော်လှန်ရေးနယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့သည့် မွန်တော်လှန်ရေးတပ်ဖွဲ့ (၄)ဖွဲ့၏ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတွင် ပထမအဆင့်အနေဖြင့် ပူးတွဲစစ်ရေးလှုပ်ရှားမှုများ ပြုလုပ်သွားရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလို ပူးပေါင်းစစ်ရေးဖော်ဆောင်နိုင်တဲ့အတွက် မွန်တော်လှန်ရေးအတွက်ရော၊ နွေဦးတော်လှန်ရေးအတွက်ပါ အများကြီး အကျိုးဖြစ်လာမယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဘုံရန်သူကို တိုက်ခိုက်တဲ့နေရာမှာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံး မဟာမိတ် နည်းဗျူဟာနဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုကို ရလာနိုင်မှာပါ။ ဒါကြောင့်မို့ အခုလိုမျိုး မွန်လက်နက်ကိုင် တပ်ဖွဲ့ (၄)ဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက မွန်တော်လှန်ရေးအတွက်ရော၊ နွေဦးတော်လှန်ရေးအတွက်ပါ အထောက်အကူဖြစ်လာမှာပါလို့ တထစ်ချ ယုံကြည်တယ်။” ဟု မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဌ ဒေါက်တာ သီရီမွန်ချမ်းက Tachileik News Agency ကို ပြောသည်။
အဆိုပါ အစည်းအဝေးတွင် မွန်တော်လှန်ရေးတပ်ဖွဲ့များ အားလုံးပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန်လည်း ဆွေးနွေးသဘောတူခဲ့ကြကြောင်း သိရသည်။
“မွန် တပ်တော် တစ်ခုအထိ ပေါ်လာဖို့က အချိန်တော့ နည်းနည်းလေး ယူရလိမ့်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလောလောဆယ် တပ်ဖွဲ့အားလုံးရဲ့ နီးစပ်မှုတွေ ၊ နောက်ပြီးတော့ ပူးတွဲလှုပ်ရှားမှုတွေက တဆင့် နောက်ဆုံးအဆင့်ဖြစ်တဲ့ ဒီ တပ်တော်တစ်ခုဖြစ်လာဖို့က အခုလောလောဆယ် လှုပ်ရှားနေတဲ့ တပ်ဖွဲ့အားလုံးကို ဖျက်ဆီးပြီး တပ်တော်တစ်ခုအနေနဲ့ တည်ဆောက်ဖို့ လိုတဲ့အတွက်ကြောင့် အချိန်ပေးမှုတွေ ၊ နားလည်မှုတွေ ၊ ဆွေးနွေးမှုတွေ ပြင်ဆင်မှုတွေလည်း အများကြီးရှိလာမှာပါဗျ။” ဟု ဒေါက်တာ သီရီမွန်ချမ်းက ဆက်ပြောသည်။
မွန်ပြည်နယ်အတွင်း မွန်တော်လှန်ရေးတပ်ဖွဲ့ (၄)ဖွဲ့ ပူးပေါင်းပြီး မွန်တပ်တော်တစ်ခုအနေဖြင့် ပေါ်ထွန်းလာရေး ဆွေးနွေးမှုအပေါ် ကြိုဆိုကြောင်းနှင့် အခုလို ပေါင်းစည်းခြင်းအားဖြင့် စစ်ရေး ၊ နိုင်ငံရေးရေချိန် မြင့်တက်သွားမည်ဖြစ်ကြောင်း မွန်ဒေသခံတဦးကလည်း ၎င်း၏ အမြင်အား Tachileik News Agencyကို ပြောသည်။
“ဒီလို အပြုသဘောဆောင်တဲ့ ပေါင်းစည်းရေးကို မွန်တိုင်းသားတစ်ယောက်အနေနဲ့ အတိုင်းမသိ ဝမ်းသာတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ်။ အကြောင်းအမျိုးမျိုးကြောင့် မွန်တော်လှန်ရေးတပ်တွေကြား အချင်းချင်း ပဋိပက္ခဖြစ်မှာကိုလည်း စိုးရိမ်မှုတွေ မရှိတော့သလို ခံစားရတယ်။ မွန်ပြည်သူနဲ့ ပြည်ပရောက် မွန်အဖွဲ့အစည်းတွေလည်း ကြိုဆိုထောက်ခံတာတွေ မြင်နေပါတယ်။” ဟု မွန်ဒေသခံတဦးက ပြောသည်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ တပ်တစ်ခုဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့သည် မဟာမိတ်များအဖြစ် ၂၀၂၄ခုနှစ် ဧပြီလ (၇) ရက်နေ့ကကတည်းက တရားဝင်ထုတ်ပြန် ကြေငြာခဲ့ပြီးနောက် (၈)လအကြာ ယနေ့ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ အခြားတပ်နှစ်ခုဖြစ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD) တို့ကပါ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန် ထုတ်ပြန်လာခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:Mon State Revolutionary Force - MSRF (ပုံဟောင်း)