မြင်းခြံမြို့နယ် မင်းနေကုန်း ရဲစခန်းအနီး မိုင်းရှင်းလင်းရန် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မြင်းခြံမြို့နယ် မင်းနေကုန်း ရဲစခန်းအနီး မိုင်းရှင်းလင်းရန် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံမြို့နယ် မင်းနေကုန်း ရဲစခန်းအနီး တော်လှန်ရေးတပ်ဖွဲ့မှ ထောင်ထားသည့် မိုင်းများအား ရှင်းလင်းရန် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ အဖွဲ့ထံမှ သိရသည်။

မြင်းခြံမြို့နယ် နဘူးအိုင်း-မြို့သာလမ်း မင်းနေကုန်း ရဲစခန်းအနီးတွင် တော်လှန်ရေးတပ်ဖွဲ့မှ ထောင်ထားသည့် မိုင်းများရှင်းလင်းရန် လာရောက်သည့် အင်အား (၁၅)ဦးခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စက်တင်ဘာလ (၁) ရက်နေ့ နေ့လယ် (၁၁)နာရီခန့်တွင် ၎င်းတို့ မိုင်းကွင်းအတွင်းသို့ ဝင်ရောက်ချိန်၌ ပဒေသာမိုင်း (၇)လုံးဖြင့် စောင့်ကြည့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးအနက် မိုင်းကွင်းထဲဝင်ရောက်၍ မိုင်းရှင်းရန် လုပ်ဆောင်သည့် တပ်ဖွဲ့ဝင် (၅)ဦးအား မိုင်း (၄)လုံးဖြင့် ဦးစွာဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့များ မိုင်းကွင်းအတွင်း၌ ထိခိုက်ဒဏ်ရာရရှိသူများအား ဆွဲထုတ်ရန် လာရောက်ချိန်တွင် လက်ကျန်မိုင်း (၃)လုံးဖြင့် ထပ်မံစောင့်ကြည့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ အဖွဲ့က ဆိုသည်။

အဆိုပါ တော်လှန်ရေးတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency