ဧရာဝတီတိုင်းအတွင်းရှိ လူငယ်များကို စစ်မှုမထမ်းပါက ဝရမ်းပြေးစာရင်းကပ်မည့်အပြင် ပိုင်ဆိုင်သည့် ပစ္စည်းများကိုပါ သိမ်းဆည်းမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခင်က ယင်းကဲ့သို့ ပြောဆိုခြင်းမရှိသော်လည်း စစ်မှုထမ်း အပတ်စဉ်(၈) ရောက်လာချိန်တွင် တပ်သားသစ်ခေါ် ယူမရတော့သဖြင့် ခြိမ်းခြောက်ပြောဆိုလာခြင်းဖြစ်သည်ဟု ဆိုသည်။
“ဟုတ်တယ်။ စစ်မှုထမ်းမလိုက်ဘူးဆိုရင် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းမယ်ဆိုပြီးခြိမ်းခြောက်တာ။ စစ်မှုထမ်းဖို့မလိုက်ရင် နိုင်ငံတော်ပုန်ကန်မှုနဲ့ အမှုဖွင့်မယ်၊ ပိုင်ဆိုင်မှုသိမ်းမယ်လို့ပြောတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်၊ ရဲနှင့် ကျေးရွာအုပ်ချုပ်ရေးမှူများက ခြိမ်းခြောက်ပြောဆိုနေခြင်းဖြစ်ပြီး စစ်မှုထမ်းရန်ထွက် ပြေးတိမ်းရှောင်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၈၈)၊ ပြည်သူစစ်မှုထမ်းဥပဒေပုဒ်မ-၂၃(ခ)ကျင့်/၅၁၂အရ ဝရမ်းထုတ်မည်ဟု ဆိုသည်။
ဝရမ်းထုတ်သော်လည်း ဖမ်းမမိသေးသည့်အချိန်နှင့် ထုချေရှင်းလင်းရန် သတ်မှတ်ရက်ချိန်းပေးထားသောကာလအတွင်း ရောက်မလာပါက မြေမှတစ်ပါး ၎င်းပိုင်ဆိုင်သည့်ပစ္စည်း ရွှေ့ပြောင်းနိုင်၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။
“အရင်တုန်းကတော့ ခြိမ်းခြောက်မှုမရှိဘူး။ အခုနောက်ပိုင်း ပိုဆိုးလာတယ်။ ဒါက မတရားသဖြင့် ခြိမ်းခြောက်တာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်။”ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် အုပ်ချုပ်ရေးမှူးများက တိုက်ရိုက်နာမည်ဆင့်ခေါ်၍ စစ်မှုထမ်းခိုင်းခြင်းများရှိနေသည့်အပြင် စစ်မှုထမ်းလူစားထိုးရန်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၄)သောင်းအထိ ကောက်ယူနေခြင်းများလည်းရှိသည်ဟု သိရသည်။
ထို့အပြင် ဧရာဝတီတိုင်းမှ စစ်မှုထမ်းများကို ရခိုင်စစ်မျက်နှာပြင်သို့ ပို့ဆောင်ခြင်းများလုပ်ဆောင်သဖြင့် စစ်မှုထမ်းလူငယ် များသေဆုံးခြင်းများလည်းရှိနေသည်ဟု ဒေသခံများက ဆိုသည်။
“ဧရာဝတီတိုင်းက လူငယ်တွေ စစ်မှုထမ်းရမှာကြောက်လို့ ပြည်ပအထိ ထွက်ပြေးနေကြတာ တော်တော်များပြီ။ ပါသွားတဲ့သူတွေလည်း ရခိုင်စစ်မျက်နှာပြင်ပို့ခံရတယ်။ ဒေသခံတွေလည်း တော်တော်ကြပ်တည်းတဲ့ အခြေအနေရောက်နေပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီသည် အရပ်သားများကို စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် အပတ်စဉ်တစ်ခုလျှင် လူဦးရေ (၄၀၀၀)ဝန်းကျင်ခေါ်ယူခဲ့ပြီး အပတ်စဉ်(၇)အထိ လူဦးရေ(၂)သောင်းခွဲခန့် စစ်မှုထမ်းစေခိုင်းခဲ့ပြီးဖြစ်သည်။
လက်ရှိ အပတ်(၈)အတွက် စစ်မှုထမ်းရန် လူသစ်မစုဆောင်းနိုင်သေးသဖြင့် စစ်သင်တန်းစတင်နိုင်ခြင်းမရှိသေးခြင်းကြောင့် မြို့နယ်တိုင်းတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးခြင်းများကို ဆက်တိုက်ပြုလုပ်နေသည်။
#TachileikNewsAgency
Photo: စစ်ကောင်စီ၏ စစ်သင်တန်းတွင် တွေ့ရသည့် တပ်သားသစ်များ (ပုံဟောင်း)