လွိုင်ကော်မြို့အစပ်တွင် တိုက်ပွဲဆက်ဖြစ်နေ 

လွိုင်ကော်မြို့အစပ်တွင် တိုက်ပွဲဆက်ဖြစ်နေ 
နိုဝင်ဘာ 27, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် လွိုင်ကော်မြို့အစပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဆက်ဖြစ်နေသည်ဟု KNDF က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် ထုတ်ပြန်သည်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့က လွိုင်ကော်မြို့အစပ်တွင် စစ်ကောင်စီတပ်မ (၆၆)လက်အောက်ခံ ခလရ(၈၀)မှ စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များဖြစ်သည့် KNDF၊ ကလလတ၊ PNDF၊ လွိုင်ကော်ဒေသ PDF တပ်တို့တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ စစ်သုံ့ပန်း (၅)ဦးကို ဖမ်းဆီးရမိသည်ဟု KNDF က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက် (၂၂)လက်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိပြီး လွိုင်ကော်မြို့ပြင်တွင် တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်မှ ထိုးစစ်များ ဆက်ရှိနေသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်ကို အင်အားအများအပြားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းဘက်မှ စစ်ကူပို့ကာ စစ်ကြောင်းထိုးနေသည်။ 

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံး သူရှိလာပြီး ပြန်လည်စစ်ရှောင်နေရသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့များက ပြောဆိုသည်။

#TachileikNewsAgency

Photo: KNDF