ဝိုင်းမော်တွင် လူနေရပ်ကွက်တွင်း လက်နက်ကြီးကျည်ကျ၍ အရပ်သားသေဆုံးမှု ထပ်မံဖြစ်ပွား

ဝိုင်းမော်တွင် လူနေရပ်ကွက်တွင်း လက်နက်ကြီးကျည်ကျ၍ အရပ်သားသေဆုံးမှု ထပ်မံဖြစ်ပွား

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ (၁၁)ရက်နေ့၌ လူနေရပ်ကွက်တွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှု ထပ်မံဖြစ်ပွား၍ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

ဝိုင်းမော်မြို့ အမှတ် (၁)ရပ်ကွက် သိမ်ကြီးစု၌ နေ့လယ် (၁၂)နာရီအချိန်က လမ်းမပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါလမ်းမဘေးရှိ နေအိမ်တွင်းမှ အသက် (၆၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသတွင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

အလားတူ ဇွန်လ (၁၀)ရက်နေ့ ည (၈)နာရီဝန်းကျင်ကလည်း ဝိုင်းမော်မြို့ ခတ်ချိုကျေးရွာရှိ လူနေအိမ်များပေါ်ကို လက်နက်ကြီး (၂)လုံး ကျရောက်ပေါက်ကွဲသဖြင့် မိသားစု (၂)စုမှ လူငယ်(၁)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးရွာရှိ ဝေဠုဝန်ကျောင်းတိုက်နှင့် အနီးဝန်းကျင်အိမ်များပေါ်သို့ ဇွန်လ (၈)ရက်နေ့ကလည်း လက်နက်ကြီးကျည် (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ခတ်ချိုကျေးရွာတွင် ဇွန်လဆန်းမှ ဇွန်လ (၁၀)ရက်နေ့အထိ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှု လေးကြိမ်ဖြစ်ပွားခဲ့သည့်အနက် ပထမအကြိမ်နှင့် စတုတ္ထအကြိမ်တို့တွင် လူသေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ကျန်ရှိမှုနှင့် နေအိမ်၊ပစ္စည်း ပျက်စီးဆုံးရှုံးမှု အများအပြားလည်း ဖြစ်ပွားခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည်များကို မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသေးသော်လည်း လက်ရှိတွင် ဝိုင်းမော်မြို့အနီး စစ်ကောင်စီတပ်စခန်းအများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းယူထားပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : CJ