ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်း TNLA ၏ ရဲတပ်ဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် နယ်မြေလုံခြုံရေးကင်းလှည့်နေစဉ် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်တစ်စီး မြို့ပေါ်ဖြတ်ပျံသန်းမှုပြုလုပ်သည်ဟု သိရသည်။
TNLA ၏ နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့က မြို့နယ်အေးချမ်းသာယာရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် မြို့အတွင်း ကင်းလှည့်စစ်ဆေးနေစဉ် စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက ဖြတ်ပျံသန်းခြင်းဖြစ်သည်ဟု ဆိုသည်
“ပစ်ခတ်တာတွေတော့ မလုပ်သွားဘူး။ နမ့်ခမ်းနဲ့ မူဆယ်ကြားက စယ်လန့်ကို ဖြတ်ပျံသွားတာ။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။
စစ်ဘေးဒဏ် အလူးအလဲခံစားနေရသည့် ပြည်သူများအား ထောက်ထားညှာတာသည့်အပြင် ခုခံကာကွယ်ခွင့် အခွင့်အရေးကို စွဲကိုင်ထားပြီး ပြဿနာအရပ်ရပ်ကိုဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အဆင်သင့်ရှိကြောင်း TNLA ဘက်က နိုဝင်ဘာလ(၂၅)ရက်နေ့တွင် ထုတ်ပြန်သည်။
ထို့သို့ထုတ်ပြန်ပြီး ၅ ရက်အကြာတွင် စစ်ကောင်စီတပ်သည် ကျောက်မဲမြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀)ဦးသေဆုံးပြီး (၂၀)ဦး ထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅)လုံးထိခိုက်ပျက်စီးသွားခဲ့သည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် နမ့်ခမ်းမြို့ကို အပြီးသိမ်းနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ရာ နမ့်ခမ်းမြို့သိမ်းနိုင်ခဲ့သည်မှာ တစ်နှစ်ပင်ပြည့်ပြီဖြစ်သည်။
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များအထိုင်ချထားသေးပြီး ပတ်ဝန်းကျင်ရှိ မြို့များအားလုံးကို TNLA နှင့် MNDAA တပ်များက သိမ်းပိုက်ထားပြီးဖြစ်သည်။
တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြုလုပ်သည့် ကူးမင်းဆွေးနွေးပွဲတွင်လည်း လားရှိုးမြို့ပတ်ဝန်းကျင်ကို ပြန်ပေးရန် စစ်ကောင်စီ၏ တောင်းဆိုချက်အား MNDAA ဘက်က ပယ်ချလိုက်သည်။
စစ်ကောင်စီနှင့် MNDAA တို့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့ကစတင်ကာ နှစ်ရက်ကြာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးနေချိန် စစ်ကောင်စီဘက်က ယင်းသို့တောင်းဆိုခြင်းကြောင့် MNDAA က ပယ်ချလိုက်ရာ အစည်းအဝေးလည်းမအောင်မြင်ဖြစ်ခဲ့သည်။
#TachileikNewsAgency