တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းကျေးရွာတွင် ကိုယ်ယောင်ဖျောက်ပြီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ( ၅ ) တောဗုံးကြီးအဖွဲ့ ထံမှ သိရသည်။
တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စု ညောင်ပင်ကုန်းကျေးရွာအနီး တဝိုက်တွင် အင်အား ( ၆၀ )ဝန်းကျင်ဖြင့် သီတင်းပတ် ( ၂ ) ပတ်ခန့်ကြာ ကိုယ်ယောင်ဖျောက် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ဒီဇင်ဘာလ ( ၁၅ ) ရက်နေ့ နေ့လည် ( ၂ )နာရီ ခန့်တွင် ညောင်ပင်ကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ချိန်၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ညောင်ပင်ကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ ( ၁၀ ) ဦးခန့်သည် အဆိုပါ ကျေးရွာရှိ နေအိမ်တအိမ်၌ စုဝေးနေချိန်တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၊ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ( ၅ ) အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဇဝဲကျေးရွာ ခမရ ( ၅၅၆ ) တပ်ရင်းဘက်သို့ ကားဖြင့် သယ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား တနင်္သာရီမြို့နယ် ပကဖ ဇုံ ( ၅ ) ဒရုန်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။