ငြိမ်းချမ်းစွာတွေ့ဆုံဖြေရှင်းမည်ဟု RCSS ပြောဆိုပြီး မတရားမှုကို တော်လှန်ရန် ရှမ်းလူထုကို တိုက်တွန်း

ငြိမ်းချမ်းစွာတွေ့ဆုံဖြေရှင်းမည်ဟု RCSS ပြောဆိုပြီး မတရားမှုကို တော်လှန်ရန် ရှမ်းလူထုကို တိုက်တွန်း

မတရားမှုကို တော်လှန်ရာ၌ ရှမ်းလူထုက ပါဝင်ပူးပေါင်းဆင်နွှဲကြရန် ပြောဆိုကာ ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)က ထုတ်ပြန်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၏ ၆၆ နှစ်မြောက် သျှမ်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းသို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် မတရားမှုကိုတော်လှန်ရာ၌ သျှမ်းပြည်လူထုတိုင်းတွင် တာဝန်ရှိသဖြင့် တော်လှန်ရေးဆင်နွှဲရာတွင် သျှမ်းပြည်သူလူထုများ ပူးပေါင်းပါဝင်ဆင်နွှဲကြရန် တိုက်တွန်းထားသည်။

ပြဿနာအရပ်ရပ်ကိုဖြေရှင်းရာတွင် RCSS သည် ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် RCSS သည် အဖက်ဖက်နှင့် တွေ့ဆုံဆွေးနွေး၍ ကြိုးပမ်းမည်ဖြစ်ကာ NCA အသိသက်သေနိုင်ငံများက မြန်မာနိုင်ငံ၏ပြဿနာများကိုဖြေရှင်းရာတွင် ကူညီဖြေရှင်းပေးကြရန် တိုက်တွန်းထားသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး RCSS ကို Tachileik News Agency အနေဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားခြင်းနှင့် ဆက်သွယ်၍မရခြင်းကြောင့် မေးမြန်းခွင့်မရပေ။

RCSS သည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် မေလ(၂၁) ရက်နေ့က ထုတ်ပြန်ချက်တွင် တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ အမျိုးဘာသာ၊ သာသနာကို အခြေခံ၍ ဆက်လက်တိုက်ပွဲဝင်မည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော်ကြာကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ NCA အဖွဲ့များနှင့်အတူ စစ်ကောင်စီနှင့်တွေ့ဆုံကာ ဆွေးနွေးခြင်းများသာရှိခဲ့သည်။

#TachileikNewsAgency

Photo: TAI FREEDOM