ဆောထိမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ

ဆောထိမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်တွင် စစ်ကောင်စီတပ်မှ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဒေသခံ (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆောထိမြို့နယ် အင်္ဂနီကျေးရွာတွင် အခြေချထားသည့် စစ်ကောင်စီတပ် ခလရ (၅၇)မှ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ရုံးတိုင်းကျေးရွာသို့ (၆၀)မမ လက်နက်ကြီး (၂)လုံး နှင့် ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် စံဖဲကျေးရွာသို့ လက်နက်ကြီး (၅)လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပိန်းဇလုပ် အခြေစိုက် ခလရ(၂၆၄) မှ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ချုံအင်းကျေးရွာနှင့် ဂွေးကုန်းကျေးရွာသို့ (၁၂၀)မမ (၁)လုံးစီ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ခလရ (၅၇)၏ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရုံးတိုင်းကျေးရွာမှ ဒေါ်သေး အသက် (၆၇)နှစ် သေဆုံးခဲ့ရပြီး စံဖဲကျေးရွာမှ ဦးခင်ဝင်း အသက် (၄၂)နှစ်နှင့် မစန်းမူ အသက် (၄၅)နှစ်တို့  လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း ၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်အတွင်း ဒေသခံ လေးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo:KNU