ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်း ပေါ်တာဆွဲရန်ထွက်လာသည့် စစ်ကောင်စီ ဆိုင်ကယ်ယာဉ်တန်းအား ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း သာယာဝတီခရိုင် အမှတ် (၁)တပ်ရင်း တပ်ခွဲ (၃) နတ်စစ်သည် အဖွဲ့ထံမှ သိရသည်။
ဇီးကုန်းမြို့နယ် မီးကောက်ပင်အုပ်စု ဒိုးနွယ်ရွာသို့ ပေါ်တာဆွဲရန်ထွက်လာသည့် ဇီးကုန်းမြို့နယ်မှ စစ်ကောင်စီတပ်နှင့် ဘော်ဘင်ရွာမှ ပျူစောထီး ပူးပေါင်းအဖွဲ့ ၏ ဆိုင်ကယ်ယာဉ်တန်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖောက်ခွဲတိုက်ခိုက်ချိန်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့မှ (၁)ဦး နေရာတွင် သေဆုံး၍ (၄)ဦး ဒဏ်ရာရရှိခဲ့ကာ (၂)ဦး ဆေးရုံတွင် ထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသော်လည်း Tachileik News Agency မှ သီးခြားအတည်မပြုနိုင်ပါ။
အဆိုပါ တိုက်ခိုက်မှုအား သာယာဝတီခရိုင် အမှတ် (၁)တပ်ရင်း တပ်ခွဲ (၃) နတ်စစ်သည်အဖွဲ့နှင့် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့