စစ်ကောင်စီ၏ ပြည်သူလူထုအားပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် နိုင်ငံတကာနှင့် အဖွဲ့အစည်းများအား ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တောင်းဆို

စစ်ကောင်စီ၏ ပြည်သူလူထုအားပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ထိရောက်သည့် အရေးယူမှုများ လုပ်ဆောင်ရန် နိုင်ငံတကာနှင့် အဖွဲ့အစည်းများအား ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ တောင်းဆို

စစ်ကောင်စီတပ်မှ ပြည်သူများအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန်အတွက် ပို၍ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် နိုင်ငံတကာနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (လယ်ဒိုကော်ဆာ)က တောင်းဆိုလိုက်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုများ အပြင် ဒေသခံပြည်သူများအား မတရား ဖမ်းဆီးထောင်ချခြင်း၊ ငွေညှစ်ခြင်း ၊ ရိုက်နှက်ခြင်းနှင့် ပြည်သူပိုင် ပစ္စည်းများ ခိုးယူခြင်း ၊ မီးရှို့ခြင်းနှင့် ပြည်သူများ မတရား စစ်မှုထမ်းစေခိုင်းခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား နေ့စဉ်ရက်ဆက် လုပ်ဆောင်နေကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ဆိုသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ အမြောက်တပ် ၊ ကြည်းတပ်နှင့် လေတပ်တို့မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးအလုံးရေ (၂၄၄)လုံးနှင့် လေတပ်မှ ဗုံး (၂)လုံး ကြဲချခဲ့သည့်အပြင် အော်လီဂန်းဖြင့် (၄)ကြိမ် နှင့် ဒရုန်းဖြင့် (၃၇)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ စုစုပေါင်း (၂၁)ဦး ထိခိုက်ခဲ့ရပြီး (၃)ဦး သေဆုံးခဲ့ရကာ၊ လူနေအိမ် စုစုပေါင်း (၁၆)လုံး ၊ ဘုန်းကြီးကျောင်း (၄)ကျောင်း ၊ ခရစ်ယာန် ဘုရားကျောင်း (၅)ကျောင်းနှင့် ဆေးပေးခန်း (၂)ခန်းတို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ပြည်သူများမှာ လူမှုဘဝလုံခြုံမှုကင်းမဲ့စွာ အသက်ရှင်နေထိုင်ရပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုနေသည့် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချ၍ ၊ အကြမ်းဖက်မှုများကို ကျူးလွန်ခြင်း အားပေးလှုံ့ဆော်နေခြင်းများကို ရပ်တန့်ရန် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက တောင်းဆိုသည်။

စစ်ရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် စားဝတ်နေရေး ၊ ကျန်းမာရေး ၊ ပညာရေး အစရှိသည့် လိုအပ်နေမှုများကို လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် နိုင်ငံတကာအဖွဲ့အစည်းများအားလည်း တောင်းဆိုသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ပြည်သူလူထုများအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန်အတွက် ပို၍ ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် ပြည်တွင်းပြည်ပမှ ပြည်သူလူထုများ ကိုယ်စားပြုသည့် အရပ်ဖက် အဖွဲ့အစည်းများ ၊ တော်လှန်ရေး အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အစိုးရများ ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအား တောင်းဆိုကြောင်း အသိပေးထားသည်။

လယ်ဒိုကော်ဆာ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီသည် ကရင်ပြည်အတွင်း ပြည်သူလူထု၏ စားဝတ်နေရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ စီးပွားရေး အစရှိသည့် လူမှုဘဝလုံခြုံရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့စဥ် (ပုံဟောင်း)