မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် သိမ်ဇရပ်အမြောက်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ရာဘာအစေးခြစ်နေသည့် အမျိုးသမီး (၂) ဦးနှင့် ကလေး (၁) ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU ဗဟိုမှ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
သိမ်ဇရပ်အမြောက်တပ် (အမှတ်-၃၁၀)က အောက်တိုဘာလ (၃၀)ရက်နေ့ ည (၉) နာရီခွဲဝန်းကျင်တွင် (၁၂၀)မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ် ဝင်းကံစစ်ဆေးရေးဂိတ်အနီးရှိ ခရွဲကျေးရွာ အပိုင်း ရာဘာခြံ အနီးတဝိုက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးများကြောင့် ရာဘာအစေးခြစ်နေသည့် အသက် (၅၉)နှစ်အရွယ် အမျိုးသမီး (၁)ဦး၊ အသက် (၁၇)နှစ်အရွယ် မိန်းကလေး (၁)ဦးနှင့် အသက် (၁၁)နှစ်အရွယ် ကလေး (၁)ဦးတို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
ထိခိုက်ဒဏ်ရာရရှိသူများကို KNU မြို့နယ်တာဝန်ရှိသူများမှ ဆေးခန်းသို့ ပို့ဆောင်ကာ ကုသပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ကျိုက်ထိုမြို့နယ်ပါဝင်သည့် KNU ဒူးသထူ (သထုံ) ခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဒေသခံများအား ပစ်မှတ်ထား၍ လက်နက်ကြီး ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးဝင်ရောက်ခြင်းများကြောင့် ဒေသခံ (၉၅,၂၇၃)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
#TachileikNewsAgency
Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻