နတ်ချောင်းတွင်  အာဏာသိမ်းစစ်တပ်နှင့် ပြင်းထန် တိုက်ပွဲဖြစ်ပွားရာ  ဒေသကာကွယ်ရေးအဖွဲ့ဘက်က (၂)ဦး ကျဆုံးကာ (၆)ဦး ဒဏ်ရာရ

နတ်ချောင်းတွင်  အာဏာသိမ်းစစ်တပ်နှင့် ပြင်းထန် တိုက်ပွဲဖြစ်ပွားရာ  ဒေသကာကွယ်ရေးအဖွဲ့ဘက်က (၂)ဦး ကျဆုံးကာ (၆)ဦး ဒဏ်ရာရ
ဒီဇင်ဘာ 27, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နတ်ချောင်းရွာ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် အာဏာသိမ်း အကြမ်းဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ဘက်က (၂)ဦး ကျဆုံးကာ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး အာဏာသိမ်းအဖွဲ့ဘက်က သေဆုံး ထိခိုက်မှုများရှိခဲ့သော်လည်း အရေအတွက် မသိရကြောင်း   ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ - ကလေး)က ယနေ့ ဒီဇင်ဘာလ(၂၇)ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

နတ်ချောင်းရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့ကတည်းက တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့်   PDF(Kalay)၊ CNDF နှင့် ပကဖ-ကလေး စသည့် မဟာမိတ်အင်အားစုတို့ ညနေပိုင်းကတည်းက တိုက်ပွဲများပြင်းထန်ခဲ့ကြခြင်း ဖြစ်သည်။

ကလေးမြို့ရှိ ကလေးနည်းပညာတက္ကသိုလ်ထဲတွင်လည်း တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ညဦးပိုင်းအချိန်က စပြီး တာဝေးပစ် လက်နက်ကြီးများဖြင့်  ပစ်ခတ်မှုကြောင့် နတ်ချောင်းရွာ၊ ချောင်းခွရွာ၊ ပန်းမွန်ချောင်းရွာပေါ်သို့ လက်နက်ကြီးများထိမှန်ခဲ့ကြောင်းလည်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှုများအတွင်း  ကလေးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)မှ တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးသွားပြီး  PDF(Kalay) မှ (၁) ဦး၊ CNDF မှ (၁) ဦး၊ ပကဖ-ကလေးမှ (၄) ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့ကြာင်း နှင့် အကြမ်းဖက် စစ်တပ်ဘက်က သေဆုံးထိခိုက် စာရင်းကိုတော့ မသိရှိရသေးကြောင်းလည်း သိရသည်။



ယနေ့ ည‌နေပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က နတ်ချောင်းရွာတွင် ထံမံမီးရှို့နေသည့်အပြင် ပြည်သူပိုင်ကားတစ်စီးကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။