တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲ

တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲ

မန္တလေးတိုင်း တောင်သာမြို့နယ် လှည်းကူးမအုပ်စုရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်(၂)လုံးပျက်စီးပြီး မပေါက်ကွဲသေးသည့် ပေါင်(၂၀၀)ဗုံးတစ်လုံးကိုလည်းတွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် လှည်းကူးမအုပ်စု ရတနာပုံကျေးရွာ၊ ရွာသာယာကျေးရွာနှင့် ငွေသောင်ရွာတို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခြင်းနှင့် စက်လက်နက်ဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်သွားကြောင်း သိရသည်။ 

“ဗုံးကြဲတာက နှစ်ရွာပါဗျ။ ရွာသာယာရွာနဲ့ ရတနာပုံပါ။ ကျန်တဲ့ ငွေသောင်က စက်လက်နဲ့ပစ်တာပါ။ နွားတစ် ကောင်ခြေထောက်ထိမှန်ပါတယ်။ ရွာသာယာဘက်မှာတော့ ပြည်သူတစ်ဦး ပေါင်ကို ဗုံးစထိမှန်ပါတယ်။ မစိုးရိမ်ရပါဘူး။ ဗုံးကတော့ (၄)လုံး နေရာ (၂)နေရာကို ကြဲသွားတာပါ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆိုပါရွာ(၃)ရွာမှ နေအိမ်(၂)လုံး ပျက်စီးသွားပြီး ဒေသခံများလည်း တိမ်းရှောင်နေကြရသဖြင့် အကူအညီများလိုအပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: လူထုလှုပ်ရှားမှုကော်မတီ တောင်သာ