ဆီးရီးယားတွင် အာဏာရှင် သမ္မတ အာဆတ်ပြုတ်ကျသွားပြီး စစ်မှန်လက်တွေ့ကျသည့် တော်လှန်ရေးတိုင်းသည် အာဏာရှင်များကို အောင်ပွဲခံနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ပြုလုပ်သည့် ၃၀/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆီးရီးယားတွင် အာဏာရှင် သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုများ အောင်ပွဲခံလိုက်သည့်သတင်းသည် မြန်မာနိုင်ငံအတွက်လည်း အားတက်စရာဖြစ်ပြီး စစ်မှန်ပြီး လက်တွေ့ကျသည့် တော်လှန်ရေးတိုင်းသည် အာဏာရှင်များကို အောင်ပွဲခံနိုင်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ဆိုသည်။
“ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ ကျွန်တော်တို့နိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
အချိန်နှင့် ဒီရေသည် လူကိုစောင့်မည်မဟုတ်သလို တော်လှန်ရေး ဒီရေကလည်း အမျိုးသားညီညွတ်ရေးအစိုးရအား စောင့်ဆိုင်းနေမည် မဟုတ်သည့်အတွက် လက်ရှိ ဖြစ်ပွားနေသည့် တော်လှန်ရေး လှိုင်းလုံးကြီးနှင့်အတူ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် ပြုလုပ်သွားရန် လိုအပ်သည်ဟုလည်း ဆိုသည်။
“လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ နိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ဟာ လှိုင်းထဲမှာ မြှုပ်သွားတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ နွေဦးတော်လှန်ရေးလှိုင်းကြီးက အင်မတန်ကြီးမား ပြင်းထန်တာကြောင့်၊ ကျွန်တော်တို့ဟာ လှိုင်းရဲ့ သဘော၊သဘာဝကို မျက်ခြေပျက်သွားတာနဲ့ ကျွန်တော်တို့အားလုံး စုပေါင်းလှော်ခတ်နေတဲ့ လှေကြီးက မြှုပ်သွားနိုင်တယ်ဆိုတာကို သတိရှိကြဖို့ အထူးလိုအပ်ပါတယ်။”ဟု ယာယီသမ္မတ ပြောသည်။
တော်လှန်ရေးအလုပ်သည် ခြေတဖက်လှမ်းထားရုံနှင့် လုံလောက်ခြင်းမရှိဘဲ တော်လှန်ရေးအလုပ်တွင် ခြေစုံရပ် မြှုပ်နှံမှ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းက အားကိုးထိုက်သည့် ခေါင်းဆောင်များ ဖြစ်နိုင်ကြောင်းနှင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆုံးဖြတ်ပြီးပါက လက်တွေ့ကျကျ ပြတ်သားစွာ လုပ်ဆောင်ကြရန် ယာယီသမ္မတက တိုက်တွန်းပြောဆိုသည်။
“အခု ကျွန်တော်တို့ ရပ်ခံလျှောက်လှမ်းနေတာဟာ လူထုရဲ့ အသက်သွေးချွေးနဲ့ ရင်းနှီးထားရတဲ့ တော်လှန်ရေးခရီးဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးလုံ့လကို အပြည့်ဝဆုံး စိုက်ထုတ်ကြဖို့လိုပါတယ်။ လူထုအသက်နဲ့ ရင်းထားတဲ့ တော်လှန်ရေးခရီးမှာ - ရေသာခိုလို့ မရဘူးဆိုတာ ကျွန်တော်တို့ သတိချပ်မိဖို့ အထူးလိုအပ်ပါတယ်။” ဟု ယာယီသမ္မတက ပြောသည်။
လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်ထဲမှ ဝန်ကြီး ဒေါက်တာတူးခေါင်သည် မြေပြင်သို့ ကိုယ်တိုင်ဆင်းပြီး တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆောင်ရွက်စရာရှိသည်များကို လုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ရသည့်အတွက် အထူးဝမ်းသာပြီး ၊ မြေပြင်တွင် တော်လှန်ရေးအင်အားစုများနှင့် လူကိုယ်တိုင် အတူတူရှိနေခြင်းသည် လူထုအတွက် ခွန်အားလည်း ဖြစ်သလို၊ တော်လှန်ရေး ရှေ့ဆောင်မှုအတွက် အခြေခံကျင့်စဉ် မူတရပ်လည်း ဖြစ်ကြောင်းကိုလည်း အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုခဲ့သည်။
#TachileikNewsAgency
Photo: Acting President Duwa Lashi La