ဟားခါးမြို့ ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲသဖြင့် မိသားစုဝင် ၄ ဦးသေဆုံး ၉ ဦးဒဏ်ရာရ

ဟားခါးမြို့ ချွန်ကျုံးရွာကို စစ်ကောင်စီဗုံးကြဲသဖြင့် မိသားစုဝင် ၄ ဦးသေဆုံး ၉ ဦးဒဏ်ရာရ

ချင်းပြည်နယ် ဟားခါးမြို့နယ် ချွန်ကျုံးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် အရပ်သား(၄)ဦး သေဆုံးရပြီး (၉)ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က ချွန်ကျုံးရွာကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့ နံနက်အစောပိုင်းတွင် ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်ပြီး ပထမကြိမ်တွင် မိသားစုဝင်(၆)ဦး နေထိုင်ရာ အိမ်ပေါ်ကျရောက်ကာ (၄)ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။

“သေဆုံးသူကတော့ ၄ ဦးရှိပါတယ်။ ဗုံးကြဲတဲ့အထဲမှာ ဒဏ်ရာရသူကတော့ ၉ ဦးလောက်ရှိပါတယ်။ ဟားခါးနဲ့ ထန်တလန်ကြားမှာ တိုက်ပွဲတွေရှိနေတယ်။ ချွန်ကျုံးရွာဘက်ခြမ်းမှာတော့ တိုက်ပွဲမရှိဘဲ ဗုံးကြဲသွားတာပါ။”ဟု ချင်းလဲန်ကောင်စီ ဦးဆောင်အဖွဲ့ဝင် ဆလိုင်းဂျိမ်းက Tachileik News Agency ကိုပြောသည်။

ထို့အပြင် ဒုတိအကြိမ်ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သား(၈)ဦး ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်က ချွန်ကျုံးရွာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူများမှာ ဦးရမ်ကျုံး၊ ဒေါ်တီာလ်ကူး၊ မရွှေလဲန်ပါရ်၊ မဗျက်ထသင်းကြွေတို့ဖြစ်သည်ဟု သိရသည်။

“စစ်ကောင်စီက ဒီလို အကြမ်းဖက်လုပ်ရပ်ကို လုပ်သွားတယ်လို့ပဲ ပြောချင်ပါတယ်။ ပထမတစ်လုံးက ဦးရမ်ကျုံး အိမ်ပေါ်ကျတယ်။ အဲဒီမှာပဲ မိသားစုဝင် ၄ ဦးဆုံးသွားတယ်။ နောက်တစ်လုံးက ငွန်ရမ်းအိမ်ကိုကြဲတယ် ဆိုတော့ အဲဒီမှာ ဒဏ်ရာရတာတွေရှိတယ်ခဗျ။”ဟု ချင်းလဲန်ကောင်စီ ဦးဆောင်အဖွဲ့ဝင် ဆလိုင်းဂျိမ်းက ဆက်ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး လုံးဝလက်မခံကြောင်း CDF ဟားခါးကလည်း ယနေ့တွင် ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး CDF ဟားခါးထံ Tachileik News Agency က အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်း(၈)ခုကို ဒီဇင်ဘာလ (၈)နေ့တွင် ချင်းအမျိုးသားတော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးကိုလည်း အရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဟားခါး–ထန်တလန်လမ်းတွင် တပ်မ (၇၇)၊ ခြေလျင်တပ်ရင်း (၂၂၂)၊ တီးတိန်အခြေစိုက် အမှတ် (၂၆၉)ခြေလျင်တပ်ရင်းတို့က တပ်စွဲနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:Internet (ပုံဟောင်း)