စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ပိုင်နှင့် ထောင်ဝန်ထမ်းများ၏ အနိုင်ကျင့်မှုနှင့် ငွေကြေးကောက်ခံမှုများကြောင့် အကျဉ်းသားများ အခက်အခဲများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
ကလေးမြို့ အကျဉ်းထောင်တွင် ထောင်ပိုင် အောင်မိုးဝင်းနှင့် ထောင်ပိုင်လေး ချိုမင်းလတ်တို့သည် နိုင်ငံရေးအကျဉ်းသားများနှင့် တခြားသောအကျဉ်းသားများအပေါ် အနိုင်ကျင့်မှုနှင့် ငွေကောက်ခံမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကျဉ်းထောင်တွင် အခန်းခ (၃) သောင်း ၊ (၅) သောင်းမှ (၂)သိန်းကျပ်အထိ သတ်မှတ်ထားပြီး ငွေကြေးမတတ်နိုင်ပါက မကောင်းသည့် အခန်းများတွင် နေရသည့်အပြင် ၊ အခန်းခအတွက် ပိုက်ဆံမပေးနိုင်ပါက အလုပ်ဖိခိုင်းသည့်အတွက် အသက်သေဆုံးရသည့် အခြေအနေများလည်း ရှိနေသည်ဟု ဆိုသည်။
အကျဉ်းသား အေးချမ်းအောင်သည် ထောင်အာဏာပိုင်များ၏ ခိုင်းစေမှုကြောင့် အလုပ်ကြမ်း လုပ်ရင်း အမောဖောက်ကာ သေဆုံးခဲ့ရပြီး ၊ သေဆုံးချိန်တွင် အကျဉ်းထောင်ဘက်မှ ဆေးရုံတွင် သေဆုံးသည်ဟု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရောဂါအခံရှိသူများကိုပင် အလုပ်လုပ်စေပြီး မလုပ်ပါက လျှော့ရက်ဖြတ်မည်ဟု ချိန်းခြောက်ကာ အလုပ်ကြမ်းများကို စေခိုင်းလျှက်ရှိကြောင်း သိရသည်။
ထို့အပြင် အကျဉ်းထောင်အတွင်း မီးသီး ၊ မီးလုံး ၊ သော့မှအစ အထွေထွေပြင်ဆင်စရိတ်များကို ထောင်အာဏာပိုင်များက အကျဉ်းသားများထံမှ ကောက်ယူလျှက်ရှိပြီး ၊ ခရီးသွားလာရေး စရိတ်များကိုပင် အကျဉ်းသားများထံမှ အတင်းအကျပ် တောင်းယူလေ့ရှိသည်ဟု ဆိုသည်။
အကျဉ်းထောင်အတွင်း သွေးခွဲအုပ်ချုပ်ခြင်းများကိုလည်း ကလေးအကျဉ်းထောင်တွင် လုပ်ဆောင်လျှက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများကို ပြစ်မှုကြီး ကျူးလွန်ထားသူများက အုပ်ချုပ်စေကြောင်း သိရသည်။
ထောင်အရာရှိများက နှစ်ကြီးသမားများကို လက်သပ်မွေးကာ တရားဥပဒေဘောင်ကို ကျော်လွန်သည့် အခွင့်အရေးများပေးထားပြီး နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့အမြင်မကြည်သည့် အကျဉ်းသားများကို ကိုယ်ထိလက်ရောက် ကျူးလွန်စေခြင်း၊ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ပေးခြင်းများကို ပြုလုပ်စေကြောင်း သိရသည်။
ကလေးအကျဉ်းထောင်တွင်လည်း ထောင်ပိုင်၏ လက်မွေး တန်းစီးချုပ် ကျော်နိုင်လင်း(ခ)ရခိုင်သည် တန်းစီးချုပ်ဆိုသည့် နေရာကို အလွဲသုံးစားပြုကာ ထောင်ပိုင်များ မြှောက်ပင့်ပေးသည့်အတိုင်း နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသား စုစုပေါင်း (၄)ဦးကို အကြောင်းမဲ့ ကိုယ်ထိလက်ရောက် နာကျင်စေခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ထောင်ပိုင် အောင်မိုးဝင်းမှာ "မင်းတို့တွေ စစ်တပ်နဲ့တရားသူကြီးတွေကို သုံးလေးဆယ် ပေးရတုန်းက အသံမထွက်ဘူး။ အခု ငါတို့ကို နှစ်သိန်းသုံးသိန်းပေးရတော့မှ အသံလာမထွက်နဲ့" ဟု ပြောဆိုကြိမ်းမောင်းမှုမျိုးကိုပင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိကြောင်း PPNM က အသိပေးထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
#TachileikNewsAgency