စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်တွင် မိနစ် (၃၀) လျှင် (၃)သိန်းကျပ်ဖြင့် ဧည့်တွေ့ခွင့် ဈေးကွက်ဖြစ်ပေါ်နေပြီး လာဘ်စားမှုကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျှက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့ထံမှ သိရသည်။
လက်ရှိ ရွှေဘိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တာဝန်ခံ ထောင်ပိုင် အောင်လွင် ဆိုသူသည် အကျဉ်းသားတွေ့ခွင့်ကို ဈေးကွက်တစ်ရပ်အဖြစ် ပုံဖော်လျှက် အချိန်နာရီဝက် (မိနစ် ၃၀) လျှင် ငွေကျပ် (၃)သိန်းခန့် တန်ဖိုးသတ်မှတ်ထားကာ သတ်မှတ်ထားသည့် ငွေတန်ဖိုး မပေးနိုင်ပါက မိသားစုဖြင့် တွေ့ဆုံခွင့် မရကြကြောင်း သိရသည်။
ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများနှင့် မိသားစုဝင်များကို တွေ့ဆုံနိုင်သည့် ဧည့်တွေ့ခွင့်ကို ၂၀၂၄ ခုနှစ် ဇွန်လမှစ၍ လုံခြုံရေးအကြောင်းပြကာ ပိတ်ပင်ထားခဲ့ပြီး ယနေ့အချိန်ထိ ပိတ်ပင်ထားခဲ့သော ထောင်ဝင်စာဧည့်တွေ့ခွင့်ပေါ်တွင် ထောင်အာဏာပိုင်မှ ဧည့်တွေ့ခွင့်ဈေးကွက်တစ်ခုကို ဖန်တီး၍ ကိုယ်ကျိုးရှာနေခြင်းဖြစ်သည်ဟု ဆိုသည်။
“ရွှေဘိုအကျဉ်းထောင်မှာ နိုဝင်ဘာလ ဒုတိယအပတ်လောက်ကစပြီးတော့မှ ဒီလို ဧည့်တွေ့ခွင့်တွေကို ထောင်အာဏာပိုင်တွေရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ ပေးလာတာကို တွေ့ရတယ်ပေါ့နော်။ တကယ်တော့ တနိုင်ငံလုံးက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို တရားဝင် ရရှိရမှာဖြစ်တယ်။ ဒါကိုလည်း စစ်ကောင်စီအနေနဲ့ တရားဝင်ကြေညာထားတာကို တွေ့ရတယ်။ သူတို့ ရွှေဘိုရဲ့ စစ်အုပ်ချုပ်ရေးကို အကြောင်းပြပြီးတော့မှ ထောင်ဝင်စာပိတ်ပင်ထားတာဟာ လုံးဝမလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အကျဉ်းသား အခွင့်အရေးကို ပေါ်ပေါ်တင်တင်ချိုးဖောက်နေတဲ့ ကိစ္စတရပ်ဖြစ်တယ်။ နာရီဝက်ကို မြန်မာကျပ်ငွေ သုံးသိန်းတောင်းပြီး ထောင်စာဧည့်တွေ့ခွင့်ရဖို့ စီမံနေတာဟာ နိုင်ငံရေးအကျဉ်းသားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို မငဲ့ညှာတဲ့အပြင် မိသားစုဝင်တွေကိုပါ လည်ပင်းညှစ်ပြီး ငွေတောင်းခံနေတဲ့ကိစ္စတရပ်လို့ ထောက်ပြချင်ပါတယ်။”ဟု PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။
ထိုသို့ ကိုယ်ကျိုးရှာကာ ဈေးကွက်ဖန်တီးထားသော်လည်း နိုင်ငံရေးအကျဉ်းသားများကိုမူ မိသားစုနှင့် ဧည့်တွေ့ခွင့်မပေးသည့်အပြင် ဖိနှိပ်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
“လုံခြုံရေးကို အကြောင်းပြပြီးတော့မှ နိုင်ငံရေး အကျဉ်းသားတွေကို ဧည့်တွေ့ခွင့် မပေးသေးတာ ဖြစ်ပါတယ်။ တချို့လည်း ဧည့်တွေ့ခွင့်ရတဲ့လူတွေ ရှိကောင်းရှိနိုင်ပါတယ် ။ ဒါပေမယ့် ပါဆယ်ပို့ဖို့တောင် ခက်ခဲနေတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေအနေနဲ့ သွားလာရေးတောင် ငွေကြေးတတ်နိုင်ဖို့ ခက်ခဲနေတဲ့ ကာလမှာ အခုလိုမျိုး ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကိုပါ မြန်မာကျပ်ငွေသုံးသိန်းလောက် ထပ်ပြီးမှ သုံးရမယ်ဆိုရင် လက်ရှိပြည်သူတွေရဲ့ ဆင်းရဲမွဲတေနေတဲ့ အခြေအနေမှာ ဒီလိုလုပ်ရပ်မျိုးဟာ အင်မတန် လက်မခံနိုင်တဲ့ကိစ္စဖြစ်တယ်လို့ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။
ထို့အပြင် အကျဉ်းသားကျွေးမွေးစီမံရေးတွင် အကျဉ်းထောင် သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက်ခြားလျင် ကြက်ဥ (၁)လုံးကျစီသာပေး၍ အကျဉ်းသား ကျွေးမွေးစရိတ်ပေါ်မှ ထောင်ပိုင်အနေဖြင့် ကိုယ်ကျိုးစီးပွားရှာနေခြင်းများရှိသည်ဟု နိုဝင်ဘာလအတွင်း အကျဉ်းဦးစီးဌာနမှ ထွက်ပြေးလာသည့် အကျဉ်းထောင် ဝန်ထမ်းဟောင်းတစ်ဦးမှ PPNMသို့ ပြောကြားခဲ့ပြီး အဆိုပါကိစ္စရပ်အတွက် အကျဉ်းထောင်အား စုံစမ်းရာတွင် မှန်ကန်ကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
#TachileikNewsAgency
Photo : Internet (ပုံဟောင်း)