မြင်းခြံ-တောင်သာလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား

မြင်းခြံ-တောင်သာလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွား

မန္တလေးတိုင်း မြင်းခြံ-တောင်သာလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် အသင့်ကင်းပုန်းဝပ် နေရာယူထားသည့် တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

မြင်းခြံခရိုင် မြင်းခြံ - တောင်သာလမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ သြဂုတ်လ (၃)ရက်နေ့ နံနက် (၆)နာရီခန့်မှ စတင်ပြီး ရှောင်တခင်စစ်ဆေးမှုပြုလုပ်စဉ် အသင့်ကင်းပုန်းဝပ်နေရာယူထားသည့် တပ်ဖွဲ့ဝင်များနှင့် တောင်သာမြို့မှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းတို့ မီတာ (၇၀)ခန့်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် ပြည်သူ့စစ် (၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၃)ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

ထို့နောက် တောင်သာမြို့မြောက်ဘက် ကျောက်ခွဲစက်အတွင်း၌ နေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ (၄၀)မမဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဆိုင်ကယ် (၅)စီးနှင့် ပြည်သူပိုင် ဆီရုံတစ်ခုအား စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း (၃)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency