ရွာ ၇ ရွာမှ နေအိမ် ၄၀၀ ကျော် မီးရှို့ခံထားရသည့် ဘုတလင်တွင် စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့နေဆဲ

ရွာ ၇ ရွာမှ နေအိမ် ၄၀၀ ကျော် မီးရှို့ခံထားရသည့် ဘုတလင်တွင် စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့နေဆဲ
အောက်တိုဘာ 23, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက စစ်ကြောင်းထိုးကာ ကျေးရွာများကိုမီးရှို့နေရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့အထိ ရွာ (၇)ရွာမှ အိမ် (၄၀၀)ကျော် ဆုံးရှုံးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာလ (၄)ရက်နေ့ကစတင်ကာ ဘုတလင်မြို့နယ်ကို စစ်ကြောင်းထိုး ဝင်ရောက်ကာ နေအိမ်များ မီးရှို့ခြင်း၊ အရပ်သားများအား ဖမ်းဆီးသတ်ပစ်ခြင်းများ လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

“စိုင်ပြင်လေးရွာကတော့ မီးထပ်တင်ရှို့နေတာ ကုန်သလောက်ဖြစ်သွားပြီ။”ဟု စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် ဘုတလင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မခင်ဝတီက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတလျှောက်ရှိ တက်လှိုင်းရွာမှ တစ်အိမ်၊ စီပါရွာ မှ (၂၉၃)အိမ်၊ ကျွဲသေချောင်းမှ (၄၅)အိမ်၊ ဆည်ဝရွာမှ (၁၁)အိမ်နှင့် နွားတဲ (၃)လုံး၊ ဆည်ဝရွာသစ်မှ (၂၈)အိမ်နှင့် နွားတဲ(၆)လုံး၊ အိုင်ပေါင်းချောင်ရွာမှ အိမ်(၂၀)နှင့် နွားတဲတစ်လုံးတို့ မီးရှိုခံရသည့်အပြင် ယနေ့တွင်လည်း စိုင်ပြင်လေးရွာကို မီးရှို့နေကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် အသတ်ခံရသည့် အရပ်သား(၂၃)ဦး ရှိသွားသည့်အပြင် ဖမ်းဆီးခံရသူများလည်းရှိကြောင်း   စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် ဘုတလင်မြို့နယ်မှ တာဝန်ရှိသူထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့၏ စစ်ကြောင်းတစ်ကြောင်းလုံး ဘုတလင်မြို့နယ်အတွင်း တော်လှန်ရေးတပ်များထံ ရှုံးနိမ့်သွားပြီးနောက် အောက်တိုဘာလ (၄)ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်အား (၁၀၀)ဝန်းကျင်ပါ စစ်ကြောင်းကို ထပ်မံစေလွှတ်ပြီး ရွာများကို မီးရှို့ခြင်း၊ အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ရက်စက်မှုတွေ စကစဘက်က ကျူးလွန်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် အမြဲလိုလို သူတို့ဘက်က တခြားစိတ်ဝင်စားစရာနဲ့ ဖုံးဖိပါတယ်။ ဒီအပေါ်မှာ ပြည်သူလူထုတစ်ရပ်လုံးက သူတို့ဆွဲဆောင်တဲ့ဘက်ကို ယိုင်မသွားဖို့ဘဲပြောချင်ပါတယ်။ ”ဟု မခင်ဝတီက ပြောသည်။

ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်များက သတ်ဖြတ်သွားသည့် အရပ်သားများတွင် မြောက်ကျီရွာ မှ အသက်(၆၄)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၀)ကျော် အမျိုးသားတစ်ဦးနှင့် အသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ဘုတလင်မြို့ပေါ် မှ ဦးဖိုးကြာ အသက်(၆၀)နှစ်ကျော်၊ ဇနီးဖြစ်သူ မမာသင်း(၅၅)နှစ်ဝန်းကျင်၊ သမီးကြီး ခင်မိုးသဲဦး(၂၅)နှစ်ဝန်းကျင်၊ သားငယ် ရွှေဖြိုးအောင် (၁၆)နှစ်၊ တူမဖြစ်သူ မထက်ထက်အောင် အသက်(၁၂)နှစ်ဝန်းကျင်၊ တူမဖြစ်သူ မေပျိုပျို အသက်(၅)နှစ်ဝန်းကျင် ၊ စီပါရွာမှ ဦတင်လှိုင်(၇၈)နှစ်၊ ဦးရာစိန်(၅၈)နှစ်၊ ဦးဌေးလွင်(၅၈)နှစ်၊ ဦးထက်အောင်(၄၃)နှစ်နှင့် အမည်စုံစမ်းဆဲ အသက်(၄၀)ကျော်နှစ်ဦးတို့ကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် ဘုတလင်မြို့နယ်က အတည်ပြုထားနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးစဉ် အသတ်ခံရသည့် အရပ်သားများစာရင်းကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်