နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဇေယျာသော်၏ ဖခင် ဒေါက်တာမြသော် ကွယ်လွန်

နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဇေယျာသော်၏ ဖခင် ဒေါက်တာမြသော် ကွယ်လွန်

အာဏာသိမ်းစစ်ကောင်စီက မတရားကြိုးပေးလိုက်သော နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဇေယျာသော်၏ ဖခင်ဖြစ်သူ ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်သည်ဟု သူနှင့်နီးစပ်သူများထံမှ သိရသည်။

ကိုဖြိုးဇေယျာသော်၏ ဖခင် ဒေါက်တာမြသော်သည် အသက်(၆၉)နှစ်အရွယ်တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံတစ်ခု၌ လူကြီးရောဂါဖြင့် ကွယ်လွန်သည်ဟု ဆိုသည်။

“သူငယ်ချင်း ဇေယျာသော် ဖခင်ဆုံးသွားပါပြီ တစ်ကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။”ဟု ACID အဖွဲ့ဝင် ကိုရန်ရန်ချမ်းက လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးထားသည်။

ဒေါက်တာမြသော်သည် မန္တလေးသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ပါမောက္ခချုပ်အငြိမ်းစား တစ်ဦးဖြစ်ပြီး မြန်မာသွားဘက်ဆိုင်ရာ ပါမောက္ခတစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။

ကိုဖြိုးဇေယျာသော်သည် ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံရကာ ၂၀၂၁ ခုနှစ်အထိ လွှတ်တော်အမတ်ဖြစ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးတွင်ပါဝင်လာရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဖမ်းဆီးခံလိုက်ရပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့်အတူ ကြိုးပေးခံလိုက်ရသည်။

ကိုဖြိုးဇေယျာသော်သည် ၂၀၀၀ ခုနှစ်က ACID အဖွဲ့ကိုဖွဲ့စည်းရာ မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ဟော့ဂီတမျိုးဆက် ဖြစ်ခဲ့သည်။

#TachileikNewsAgency