အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပြီဟု ကြေညာထားသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ခရိုင်ရွာအတွင်းကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား (၂)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် တောင်ကုတ်မြို့ ဆေးရုံကွက်သစ်ရပ်ကွက်မှ ခရိုင်ရွာသို့ စစ်ဘေးလာရှောင်သည့် ဒေါ်မသိန်း(၇၁)နှစ်နှင့် သာယာအေးရွာမှ မောင်ကျော်သက်နိုင် (၁၇)နှစ်တို့ သေဆုံးသည်ဟု ဆိုသည်။
“စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး(၄)လုံး ကြဲချတာ။ နှစ်ဦးက ပွဲချင်းပြီးသေဆုံးသွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ ဒီဇင်ဘာလ (၂)ရက်နေ့တွင် ပြောသည်။
ထို့အပြင် တောင်ကုတ်မြို့နှင့် အနီးရှိကျေးရွာများမှ ခရိုင်ရွာသို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၁၉)ဦးလည်း ဒဏ်ရာရရှိသဖြင့် ဆေးဝါးကုသမှု ခံရယူနေရသည်ဟု ဆိုသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်တချို့လည်းပျက်စီးသည်ဟု ဒေသခံတစ်ဦးက ဖုန်းလိုင်းအခက်အခဲများကြားက Tachileik News Agency ကို ထပ်မံအတည်ပြုသည်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏တပ်စခန်းများကို နိုဝင်ဘာလ (၄)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း (၁၇)ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ (၂၄)ရက်နေ့မှစတင်၍ အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီဟု AA ဘက်က နိုဝင်ဘာလ (၂၈)ရက်နေ့တွင် အသိပေးသည်။
တောင်ကုတ်မြို့တွင် လက်ကျန်တပ်စခန်းအဖြစ် စကခ (၅)တပ်မဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၃၄၆)နှင့် ခမရ (၅၄၄)တပ်ရင်းဌာနချုပ်စခန်းများသာကျန်တော့ပြီး AA ဘက်က ဆက်လက်ထိုးစစ်ဆင်နေသည်။
AA သည် တောင်ကုတ်နည်းတူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်း၊ ဂွမြို့နယ်များအတွင်းရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့ရှိ တစ်ခုတည်းကျန်ရှိနေသေးသော နခခ(၅)စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသည်။
တောင်ကုတ်နှင့် အမ်းမြို့သည် ၆၃ မိုင်ခန့်ကွာဝေးပြီး (၂)ရီကျော်သာသွားရသည့် ခရီးဖြစ်သော်လည်း AA၏ ဗျူဟာထိုးစစ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ စစ်ကူများကို တောင်ကုတ်မြို့သို့ မပို့နိုင်သည့် အခြေဖြစ်သွားသည်။
ထို့အပြင် တောင်ကုတ်နှင့် (၄၅)မိုင်ဝန်းကျင်ဝေးသည့် သံတွဲမြို့ကိုလည်း AAက သိမ်းပိုက်ထားပြီးဖြစ်သဖြင့် စစ်ကောင်စီက သံတွဲမြို့ကိုလည် နိုဝင်ဘာလ(၃၀)ရက်နေ့က ဗုံးကြဲတိုက်ခိုက်သည်။
အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်ရှိ မြို့ကြီးများဖြစ်သော ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြို့တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။
#TachileikNewsAgency
Photo: Arakan Princess Media