ကျောက်တန်းမြို့နယ်အတွင်း ဇွဲဘာကုန်းတန်းကျေးရွာတွင်  Mytel တာဝါတိုင် ဗုံးခွဲခံရမှုနှင့် ပတ်သက်ပြီး NLD ပါတီဝင်များနှင့် လူငယ်များကို ရမ်းသမ်း ဖမ်းဆီးသွား

ကျောက်တန်းမြို့နယ်အတွင်း ဇွဲဘာကုန်းတန်းကျေးရွာတွင်  Mytel တာဝါတိုင် ဗုံးခွဲခံရမှုနှင့် ပတ်သက်ပြီး NLD ပါတီဝင်များနှင့် လူငယ်များကို ရမ်းသမ်း ဖမ်းဆီးသွား
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ဇွဲဘာကုန်းတန်းကျေးရွာတွင် အာဏာသိမ်း စစ်အုပ်စု၏ Mytel တာဝါတိုင် ဗုံးခွဲခံရမှုနှင့် ပတ်သက်ပြီး ကျေးရွာတွင်းမှ NLD ပါတီဝင်များနှင့် လူငယ်တော်တော်များများကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့လိုက်ကြောင်း သိရသည်။

ဗုံးပေါက်ပြီး (၂)နာရီထိုးတော့ စစ်ကား(၃)စီး ဝင်လာပြီး NLD ပါတီဝင်တွေနဲ့ လူငယ်တော်တော်များများကို ဖမ်းသွားတယ်။ သူတို့ကို ညကတည်းက ဖမ်းသွားတာ စစ်ကြောရေးပို့တယ်လို့ပဲ သိရတယ်။ ဘာသတင်းမှာ မသိရသေးဘူး။ ရွာမှာ ထပ်လာရှာမယ်။ တပ်လာဆွဲမယ်လို့လဲပြောနေကြတယ်

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ ည(၉)နာရီဝန်းကျင်အချိန်က ကျောက်တန်းမြို့နယ်အတွင်း ဇွဲဘာကုန်းတန်းကျေးရွာတွင် အာဏာသိမ်း စစ်အုပ်စု၏ Mytel တာဝါတိုင် ဗုံးခွဲခံရပြီးနောက် ဖေဖော်ဝါရီလ(၇)ရက်နေ့သို့ အကူး နံနက်(၂)နာရီဝန်းအချိန်က ရွာထဲသို့ စစ်ကောင်စီတပ်၏ စစ်ကား(၃)စီး ဝင်လာပြီး ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသို့ ဖမ်းဆီးမှုအပြင် နောက်ထပ် လာရောက် ဖမ်းဆီးမည်ဟုလည်း သတင်းထွက်နေသည့်အတွက် အာဏာသိမ်းစစ်တပ်သည် ယခုကာလအတွင်း ရမ်းသမ်းဖမ်းဆီး နှိပ်စက်လေ့ရှိခြင်းကြောင့် ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။