နေပြည်တော် ပုပ္ပသီရိမြို့နယ် နေပြည်တော် -တောင်ညိုလမ်းရှိ ကြက်ဝိုင်းတစ်ခုတွင် စစ်ကောင်စီလော်ဘီ မင်းမင်းဆိုသူနှင့် သူ၏ တပည့်တစ်ဦးတို့ကို နတ်မောက်မြို့ နယ်အခြေစိုက် ကြိုးကြာနီတပ်ရင်း(BO-7)က ပစ်ခတ်ရှင်းလင်းလိုက်သည်ဟု သိရသည်။
၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့တွင် စစ်ကောင်စီလော်ဘီ မင်းမင်းဆိုသူနှင့် သူ၏တပည့်(၂)ဦးတို့ သည့် ကြက်ဝိုင်းကို ဆပ်ကြေးကောက်ရန် ရောက်နေစဉ် နတ်မောက်မြို့နယ်အခြေစိုက် ကြိုးကြာနီတပ်ရင်း(BO-7)က ဝင်ရောက်ပစ်ခတ်ရာ ဓားဖြင့်ပြန်လည်ခုခံသည်ဟု ဆိုသည်။
“ကြက်ဝိုင်းထဲ လူတွေအများကြီးရှိနေတာ သူ့ကိုဝင်ရှင်းတော့ အကုန်ထွက်ပြေးကုန်တယ်။ အဲဒီမှာ မင်းမင်း တပည့်က ဓားနဲ့ခုခံတာနဲ့ သူ့ပါရှင်းလင်းခဲ့ရပါတယ်။”ဟု ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊ မကွေးအရှေ့ခြမ်း ရဲဘော်က Tachielik News Agency ကိုပြောသည်။
ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်က ပစ်ခတ်ရှင်းလင်းစဉ် မင်းမင်း၏ တပည့်တစ်ဦးမှာ ကြက်ဝိုင်းမှလူများနှင့် ရောထွေးထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။
“ရဲဘော်နှစ်ယောက်တည်း အရဲစွန့်လုပ်ခဲ့တာပါ။ မင်းမင်းက ခါတိုင်းသေနတ်ပါပေမယ့် အဲဒီနေ့က သူ့အပိုင်ဆိုတော့ ဓားပဲယူလာတာ။ သူရော သူ့တပည့်ရော နှစ်ယောက်လုံးပွဲချင်းပြီးပါပဲ။"ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီလော်ဘီ မင်းမင်းဆိုသူသည် မကွေးတိုင်း တောင်တွင်း၊ နတ်မောက်မြို့နယ်တို့တွင် စစ်ကောင်စီတပ် အတွက် သတင်းယူပေးနေသူဖြစ်ပြီး မဘသအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ ကျော်စိုးဦး၊ ကျော်မျိုးမင်းတို့နည်းတူ အွန်းလိုင်းပေါ်တွင်လည်း မဟုတ်မမှန်သတင်းများကို ဖြန့်ဝေသူဖြစ်သည်။
ထို့အပြင် မင်းမင်းသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်၍ လင်းယုန်ပရဟိတအဖွဲ့ထူထောင်ကာ ပြည်တွင်းရှိ သွေးသောက်အဖွဲ့အတွက် လက်နက်များအလှူခံပေးခြင်း၊ မဘသနှင့် အမျိုးသားရေးလှုပ်ရှားမှုတွင် ပါဝင်ခြင်းများ လုပ်ဆောင်သည်။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များတွင်မူ စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မင်းမင်းနှင့် ၎င်း၏တပ်ဖွဲ့ဝင်များကို ကားဖြင့်ဆင်းလာစဉ် လမ်းပိုင်းတနေရာအရောက် ကြိုတင်စောင့်ဆိုင်းနေသည့် PDF တပ်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ပြီး အလောင်းများကို ခေါင်းဖြတ်ကာ ခေါင်းကိုယူဆောင်သွားသည်ဟု ရေးသားထားသည်။
News : https://www.tachileik.net/mm/news/38269
#TachileikNewsAgency