သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၈ ဦးဒဏ်ရာရ

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၈ ဦးဒဏ်ရာရ

အရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် သံတွဲမြို့အထွက် ငပလီကမ်းခြေဘက်သို့သွားသည့် လမ်းပေါ်ရှိ နန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခြင်းကြောင့် အရပ်သား (၈)ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက နန်းချောင်းကျေးရွာအနီးရှိ လျှပ်စစ်ဓာတ်အားခွဲရုံကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံနှင့် စစ်ဘေးရှောင် (၈)ဦး ဒဏ်ရာရခြင်းဖြစ်သည်ဟု သိရသည်။

“နန်းချောင်းကို ဗုံးကြဲသွားတာ။ အဒေါ်အိမ်နဲ့ မျက်စောင်းထိုးကို ကြဲသွားတာ။ ဒေသခံတွေနဲ့ စစ်ရှောင်တွေ (၈)ဦး ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ယနေ့ နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ပြော သည်။

ဒဏ်ရာရရှိသူများမှာ နန်းချောင်းဒေသခံ ကိုကျော်လင်းသူ၊ မအေးသန္တာထွေးနှင့် စစ်ဘေးရှောင်လာသည့် လင်းသာကမ်းခြေ(ရပ်ကွက်)မှ ကိုခန့်ပိုင်စိုး၊ မအိမြတ်ဖြိုး၊ မငယ်မရီ၊ ဂျိတ္တောရပ်ကွက်မှ ဒေါ်ခင်ဝင်း၊ ကိုအောင်ခန့်ကျော်နှင့် ဦးမောင်ယိုင်သိမ်းတို့ဖြစ်သည်ဟု ဆိုသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကို အခြားဒေသခံတစ်ဦးကလည်း Tachileik News Agency ကို အတည်ပြုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၂၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာတစ်စီးနှင့် သံတွဲမြို့ သစ်ငုတ္တိုရွာကို ဗုံးကြဲတိုက်ခိုက်ရာ မရိုးဘေးရွာမှ လာရောက်စစ်ရှောင်နေသည့် ကိုခိုင်ဇော် (၁၆)နှစ် သေဆုံးပြီး သစ်ငုတ္တို ရွာမှ မခိုင်ဇင်ထွေး (၁၈)နှစ်၊ ဦးသိန်းတင်(၄၉)နှစ်နှင့် ဦးတင်ရွှ (၇၇)နှစ်တို့ ဒဏ်ရာရသည်ဟု သိရသည်။ 

အာရက္ခတပ်တော်(AA)သည် သံတွဲမြို့နှင့် ကမ္ဘာကျော်ငပလီကမ်းခြေတို့ကို စက်တင်ဘာလ(၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သံတွဲမြို့ကို AA သိမ်းပိုက်ပြီးနောက် သံတွဲနှင့် (၈၅)မိုင်ခန့်ဝေးသည့် ဂွမြို့နယ်ကိုဆက်လက်သိမ်းပိုက်နိုင်ရန် AA ကထိုးစစ်ဆင်နေရာ ဂွမြို့နယ်နှင့် မိုင်(၂၀)ဝန်းကျင်အကွာ၌ တိုက်ပွဲများပြင်းထန်နေသည်။

#TachileikNewsAgency

Photo: Arakan Princess Media