မင်းလှတိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ် ဆားချောင်းရွာကို မီးရှို့ဖျက်ဆီး

မင်းလှတိုက်ပွဲ အထိနာသည့် စစ်ကောင်စီတပ် ဆားချောင်းရွာကို မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးပြီးနောက် အထိနာကာ တပ်ဆုတ်သွားသည့် စစ်ကောင်စီတပ်က ဆားချောင်းရွာမှဒေသခံများ၏ နေအိမ်အလုံး (၃၀)ကို မီးရှို့ဖျက်ဆီးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်းထံမှ သိရသည်။

ပဲခူးရိုးမပေါ်သို့ စမ်းဘုတ်အုပ်စု ဆားချောင်းကျေးရွာထိပ်ရှိ လယ်ကွင်းများထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့က သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ (Myanmar Defense Force)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ ပူးပေါင်းတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား (၇)ဦးသေကာ (၁၀)ဦးထက်မနည်း ဒဏ်ရာရပြီး အထိနာသွားသောကြောင့် ဆားချောင်းကျေးရွာရှိ  ဒေသခံနေအိမ်များသို့ ဝင်ရောက်၍ တန်ဖိုးရှိပစ္စည်းများအားယူခြင်း၊ နေအိမ်(၃၀)လုံးအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်၍ ဆုတ်ခွာသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များ တပ်ဆုတ်သွားပြီးနောက် နယ်မြေရှင်းလင်းရေးပြုလုပ်ရာ ခမရ (၅၃၄) အလံတစ်ခု၊ (၇၉)ကျည်ခွံများနှင့် စစ်သုံးဖိနပ်တစ်ရံအား သိမ်းဆည်းရရှိခဲ့ပြီး အထိနာသွားသည့် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂