မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ဝင်ရောက်တိုက်ခိုက် စစ်သုံ့ပန်း ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ဝင်ရောက်တိုက်ခိုက် စစ်သုံ့ပန်း ၁ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး စခန်းချနေသည့် စစ်ကောင်စီနှင့် ပျူစောထီးများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်သုံ့ပန်း (၁)ဦးကို အရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ (၁၈) ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံတပ် ကပစ-၁၂ (သရက်)၊ ကပစ-၁၈ (တောင်တွင်းကြီး)၊ ခလရ-၄၄ (သရက်)၊ တပ်မ-၈၈ (မကွေး)တို့မှ စစ်ကောင်စီတပ်သားများနှင့် မင်းတုန်းမြို့နယ် ပျူစောထီးခေါင်းဆောင်ဖိုးပြား၏ တပည့် ပျူစောထီး (၅)ဦး ပါဝင်သည့် အင်အား (၁၀၀)ခန့်ပါရှိသည့် ပူးပေါင်းစစ်ကြောင်းသည် မင်းတုန်းမြို့နယ် မှန်ကျေးရွာ မှ ငှက်ပျင်းကျေးရွာအထိ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ငှက်ပျင်းကျေးရွာမှ ဒေသခံပြည်သူများ၏ နေအိမ် (၃)လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် မြောက်ပြင်ကျေးရွာနှင့် ကြိုးဝကျေးရွာများဘက်သို့ ဆက်လက်စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် မြောက်ပြင်နှင့် ကြိုးဝကျေးရွာများ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနှင့် အကြိမ် (၆၀)ခန့် တနေကုန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၊ နိုဝင်ဘာလ (၂၂)ရက်နေ့ မနက်ပိုင်းတွင် ကြို့ဝကျေးရွာအတွင်းသို့ ဝင်ရောက်၍ နေအိမ်များကို ဖောက်ထွင်းကာ ဒေသခံပြည်သူများ၏ တန်ဖိုးကြီး ပစ္စည်းများအား ယူဆောင်၍ ကျေးရွာဘုန်းကြီးကျောင်းတွင် ဝင်ရောက်နေရာယူခဲ့ကြောင်း သိရသည်။

ထိုသို့ နေရာယူထားစဉ် သရက်ခရိုင်အမှတ်-၄တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) ပူးပေါင်းစစ်ကြောင်းမှ  ဒရုန်းဖြင့် (၆၀)မမ ဗုံးသီးချ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄)ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကာ ကျေးရွာအတွင်းမှ ဆုတ်ခွာသွားကြပြီး ကြိုးဝကျေးရွာ အနီးတဝိုက်တွင် စခန်းချနေရာယူခဲ့သည်ဟု ဆိုသည်။

ထိုသို့ စခန်းချနေရာယူထားသော စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ နိုဝင်ဘာလ (၂၆)ရက်နေ့ နံနက် (၆)နာရီတွင် အမှတ်-၁ စစ်ဒေသ ၊ မကွေးတိုင်း ၊ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တပ်ခွဲ (၁)နှင့် တပ်ခွဲ (၃)မှ ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး တိုက်ပွဲချိန် မိနစ် (၄၀)အတွင်း စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရကာ ကစဉ်ကလျား ဆုတ်ခွာထွက်ပြေးသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းအဖွဲ့ထံမှ MA-1 (၃)လက်၊ MA-3 (၄)လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ (၁)လက်၊ MA-15 ငါးကြင်းမြှီး စက်လက် (၁)လက်၊ ၆၀ မမ စိန်ပြောင်း (၁)လက်၊ ကင်းထောက်ဒရုန်း(၁)စီး၊ တိုက်ခိုက်ရေးဒရုန်း(၁)စီး နှင့် MAကျည်(၁၈၀၀)တောင့်၊ ငါးကြင်းမြှီး ကျည် (၄၅၀)တောင့်၊ ၆၀ မမ ဗုံးသီး (၇)လုံး တို့နှင့်အတူ ဒေသခံများထံမှ ခိုးယူထားသော ရွှေလက်ကောက် (၃)ကွင်း တို့အား သိမ်းဆည်းရရှိခဲ့ပြီး ကပစ-၁၈(တောင်တွင်းကြီး)မှ တပ်ကြပ်အဆင့် စစ်သုံးပန်း (၁)ဦးအား ဖမ်းစီးရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ခွဲမှူး (၁)ဦးနှင့် တပ်ဖွဲ့ဝင် (၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲပြီးဆုံး၍ တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာပြီးချိန်တွင် စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာ နေရာတဝိုက်အား လေကြောင်းမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် အသုံးပြု၍ မိနစ် (၃၀)ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင်လည်း အထိနာထားသော စစ်ကောင်စီဘက်မှ စစ်ကူအင်အားများ ထပ်မံစုဖွဲ့၍ မြောက်ပြင်ကျေးရွာနှင့် ကြို့ဝကျေးရွာများဘက်သို့ လက်နက်ကြီးများပစ်ခတ်ပြီး ထပ်မံစစ်ကြောင်းထိုးနေ၍ ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သရက်ခရိုင် အမှတ် (၄)တပ်ရင်းမှ အသိပေးထားသည်။

#TachileikNewsAgency

Photo: သရက်ခရိုင် အမှတ် (၄) တပ်ရင်း