NUG မှ ထုတ်ပေးသည့် ဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်တွင် လျှောက်ထားသည့် ကျောင်းသူနှစ်ဦး ပယ်ချခံရကာ နိုတြီလုပ်ပေးသူ ၃ ဦး ဖမ်းဆီးခံရ

NUG မှ ထုတ်ပေးသည့် ဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်တွင် လျှောက်ထားသည့် ကျောင်းသူနှစ်ဦး ပယ်ချခံရကာ နိုတြီလုပ်ပေးသူ ၃ ဦး ဖမ်းဆီးခံရ

အမျိုးသားညီညွတ်ရေးအစိုး(NUG)က ထုတ်ပေးသည့် ဘွဲ့လက်မှတ်ဖြင့် ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်းတက္ကသိုလ်တွင် တက်ရောက်ရန် လျှောက်ထားသော ကျောင်းသူနှစ်ဦးကို တက္ကသိုလ်ဘက်က ပယ်ချလိုက်ပြီး နိုတြီလုပ်ပေးသူ(၃)ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီဘက်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ထုတ်ပြန်လာသည်။ 

NUG ၏ ဆေးတက္ကသိုလ်မှ ထုတ်ပေးသည့် ယာယီဘွဲ့လက်မှတ်ဖြင့် ချူလာလောင်ကွန်းတက္ကသိုလ်တွင် တက်ရောက်ရန် လျှောက်ထားခဲ့သည့် မဆုပြည့်မျိုးသွက်နှင့် မသဥ္ဇာထက် တို့နှစ်ဦးကို အဆိုပါတက္ကသိုလ်ဘက်က ဘွဲ့လက်မှတ်များအား အတည်ပြုပေးရန် နိုဝင်ဘာလ (၁၉)ရက်နေ့က မန္တလေးဆေးတက္ကသိုလ်ထံ အကြောင်းကြားသည်ဟု သိရသည်။

ထို့နောက် စစ်ကောင်စီ၏ မန္တလေးဆေးတက္ကသိုလ်မှ ၎င်းတို့ထုတ်ပေးသော ဘွဲ့လက်မှတ်မဟုတ်ကြောင်း ပြန်လည်အကြောင်းကြားရာ ချူလာလောင်ကွန်းတက္ကသိုလ်က လျှောက်ထားသူနှစ်ဦးကို လက်မခံဘဲ ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် NUG ကထုတ်ပေးသည့် ဘွဲ့လက်မှတ်များအား ပြုလုပ်ပေးသူများဟုဆိုကာ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် (၃၅)လမ်းရှိ နိုတြီလုပ်ငန်းမှ ကိုသိဏ်းချမ်း(ခ)သိန်းဝင်း၊ သင်္ဃန်းကျွန်းမြို့နယ်နေ မသက်ထက်ဦး(ခ)ဝင်းထက်မြတ်၊ ကျောက်တံတားမြို့နယ် မှ ကိုမြတ်မင်းသူတို့ (၃)ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မဆုပြည့်မျိုးသွက်နှင့် မသဥ္ဇာထက် တို့နှစ်ဦးနှင့် မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးခင်မောင်လွင်တို့ကို စစ်ကောင်စီက Black List စာရင်းသွင်းသည်ဟုလည်း ဖော်ပြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရဘက်က ပြန်လည်ထုတ်ပြန် ဖြေရှင်းခြင်းမရှိသေးပါ။

 

#TachileikNewsAgency