မြန်မာရေပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကပြန်လွှတ်ပေး

မြန်မာရေပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို AA ကပြန်လွှတ်ပေး

မြန်မာရေပိုင်နက်အတွင်းသို့ ဝင်ရောက်ကာ ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေများအား အာရက္ခတပ်တော်(AA) ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀)ဦးကို ဖမ်းဆီးရမိကြောင်း AA က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ထုတ်ပြန်သည်။



မြန်မာရေပိုင်နက်အတွင်းသို့ ဝင်ရောက်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းစက်လှေအစီး (၆၀)ဝန်းကျင်ကို အာရက္ခတပ်တော်(AA) ကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးရာ ငါးဖမ်းလှေ (၁၅)စီး (စက်တပ်ယာဥ် ၂ စီး၊ စက်မပါဘဲ ၁၃ စီး)နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးတို့ကို ဖမ်းဆီးရမိသည်ဟု ဆိုသည်။ 

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို (၂) ရက်ကြာ ထိမ်းသိမ်းထားပြီးနောက် လိုအပ်သော စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ (၇)ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နယ်ခြားစောင့်တပ် (BGP)လက်ထံ အပ်နှံခဲ့သည်ဟု သိရသည်။ 

စစ်ဆေးမေးမြန်းချက်များအရ ၎င်းဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားငါးခိုးဖမ်းနေကြသူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစုစားဝတ်နေရေးအကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြု ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရသည်။ 

သို့သော်လည်း နောက်နောင် မြန်မာရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများမပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် AA တို့ကြားရှိ နှစ်ဖက်နယ်စပ်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု ယခင်ထက် ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ မည်သည့်ပြစ်ဒဏ်မျှပေးခြင်းမရှိဘဲ ငါးခိုးဖမ်းသမားများကို ချက်ချင်းပြန်လွှတ်ပေးခဲ့သော်လည်း ငါးခိုးဖမ်းလှေများကိုမူ နိုဝင်ဘာလ(၂၀)ရက်နေ့တွင်မှ ပြန်လည်ပေးအပ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ 

ထိုသို့ ရက်အနည်းငယ်ကြန့်ကြာနေရခြင်းမှာ မောင်တောဒေသ၌ စစ်ရေးပြင်ထန်နေမှုများနှင့် ငါးဖမ်းလှေများထိမ်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင် စစ်ကောင်စီ၏ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့်ဖြစ်သည်ဟုလည်း ဆိုသည်။ 

နိုဝင်ဘာလ(၂၀)ရက်နေ့တွင် (၇)စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP)သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ (၈)စီးကိုလည်း လုံခြုံ ရေးအာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးသွားမည်ဟု သိရသည်။

#TachileikNewsAgency

Photo: AA Info Desk