၂၀၂၅ အတွင်း အရပ်သားများနှင့်ပူးပေါင်းသည့် အစိုးရပေါ်လာရန် TNLA ထပ်မံ ကတိပြု

၂၀၂၅ အတွင်း အရပ်သားများနှင့်ပူးပေါင်းသည့် အစိုးရပေါ်လာရန် TNLA ထပ်မံ ကတိပြု

လာမည့် ၂၀၂၅ ခုနှစ်၌ ကြားကာလ တော်လှန်ရေးအစိုးရအဖြစ် TNLA နှင့် အရပ်သားများ ပူးပေါင်းပြီး အုပ်ချုပ်သည့် အစိုးရပေါ်ပေါက်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ဒုတိယအကြိမ် ကတိပြုပြောဆိုသည်။

TNLA သည် ပြီးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီးတွင်လည်း ယင်းသို့ ကတိပြု ထုတ်ပြန်ခဲ့ပြီး ယခုတွင်လည်း လုပ်ငန်းပူးတွဲစီမံအုပ်ချုပ်သည့် အစိုးရပေါ်ပေါက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ထပ်မံကတိပြုပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) စစ်ဆင်ရေးအတွင်း TNLA က ထပ်မံသိမ်းပိုက်ထားသည့် ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်စသည့်မြို့များအား TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်တို့အဖွဲ့တို့ သြဂုတ်လ (၁၅)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၄)ရက်ကြာ သွားရောက်စဥ် ပြည်သူကို ယင်းသို့ ကတိပြုပြောဆိုခြင်းဖြစ်သည်။ 

ခရီးစဉ်အတွင်း သိမ်းပိုက်ရရှိထားသည့် တပ်စခန်း နှင့် အစိုးရဆိုင်ရာဌာနရုံးများ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများအား သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်တားဘုန်းကျော်က မြို့တွင်း စည်ပင်သာယာရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေးတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး တစ်နိုင်တပိုင် အသေးစားကျောက်ရှာဖွေရေးလုပ်ငန်းနှင့် ရိက္ခာများ လွယ်ကူစွာ သယ်ယူနိုင်ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: PSLF/TNLA News