ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရ

ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃ဦး သေဆုံးကာ ၁၃ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရပ်ကွက်(၄)ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ(၃)ဦး သေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိကြောင်း TNLA ထံမှ သိရသည်။ 

ယမန်နေ့ ည(၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး (၂)ဦး သေဆုံးသွားပြီး အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၈)လုံး ထိမှန်ပျက်စီးသည်ဟု သိရသည်။ 

နိုဝင်ဘာလ (၁၇)ရက်နေ့တွင်လည်း မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး ဒဏ်ရာရရှိသည်။ 

ပြီးခဲ့သည့် နိုင်ဝင်ဘာလ (၁)ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက်(၂)တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး(၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ယမန့်တွင်ပင် ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းတွင်ရှိနေသည့် စစ်ကောင်စီတပ်က (၁၂၂)မမ လက်နက်ကြီး (၂)လုံးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာကို ကျရောက်ပေါက်ကွဲပြီး  ဒေသခံ (၂)ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ်ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးမှုများရှိနေသည်။

 

ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက် ရန်လိုအပ်ကြောင်း TNLA က အသိပေးထားသည်။

#TachileikNewsAgency

Photo: PSLF/TNLA News