အမ်းမြို့နယ်အတွင်း အခြေစိုက် နပခ လက်အောက်ရှိ တပ်ရင်းတပ်ခွဲ (၈)ခုကို AA က သိမ်းပိုက်

အမ်းမြို့နယ်အတွင်း အခြေစိုက် နပခ လက်အောက်ရှိ တပ်ရင်းတပ်ခွဲ (၈)ခုကို AA က သိမ်းပိုက်

 ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အား ထိုးစစ်ဆင် တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော်(AA)မှ သိမ်းပိုက်ထားပြီးသည့် တပ်စခန်းများထဲမှ မှတ်တမ်းပုံအချို့ကို ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၄)ရက်တွင် ထုတ်ပြန် ဖော်ပြလာသည်။

အာဏာသိမ်းစစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်ခံတပ်များထဲက သိမ်းပိုက်ထားသည်များထဲမှ တပ်ရင်းတပ်ခွဲ (၈)ခုကို ဖော်ပြလာခြင်းဖြစ်သည်။

ထုတ်ပြန် ဖော်ပြလာသည့် တပ်ရင်းတပ်ဖွဲ့ (၈)ခုတွင် စစ်ဖက်ရေးရာလုံခြုံရေးတပ် ( စရဖ - စရတ ) ဌာနချုပ်ရုံး၊ အမှတ်(၃၇၃)ခြေမြန်တပ်ရင်း၊ အမှတ်(၃၄၅)စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ အမှတ်-၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း နှင့် အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ အပြင်  လေကြောင်းရန်ကာကွယ်ရေးတပ်တို့ ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍  အာရက္ခတပ်တော်(AA)မှ သိမ်းပိုက်ရန် ကျန်ရှိနေသေးသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အပါအဝင်  နပခလက်အောက်ခံ တပ်ရင်းတပ်ခွဲများဖြစ်သည့် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပိုဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ နှင့် အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စုစုပေါင်း ဌာနချုပ်/တပ်ရင်း/တပ်ခွဲပေါင်း (၁၀)ခုကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေလျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် သိမ်းပိုက်ရရှိထားသည့် တပ်ရင်းတပ်ခွဲ (၈)ခုကနေ ထွက်ပြေးလွတ်မြောက်နေကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ ချေမှုန်း တိုက်ခိုက်နေလျက်ရှိသည့်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း အာရက္ခတပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။ 

 

Photo: AA