ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဝင်တိုက်နေကြောင်း အသိပေး

ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဝင်တိုက်နေကြောင်း အသိပေး

ချင်းပြည်နယ် ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ချင်းညီနောင်များက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ရှိ စစ်ကောင်စီအခြေပြု စစ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများပြင်းထန်နေကာ ချင်းညီနောင်အဖွဲ့၏ အကူအညီတောင်းခံမှုကြောင့် မဟာမိတ်အဖွဲ့အစည်းတချို့လည်း မိတ်ဖက်အဖွဲ့အစည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်းတိုက်ခိုက်နေသည်ဟု ဆိုသည်။

လက်ရှိတွင် ချင်းညီနောင်၏ စစ်ဆင်ရေးသတင်း၊ တိုက်ပွဲသတင်းများနှင့်ပတ်သက်ပြီး မဟုတ်မမှန်ရေးသားဖော်ပြခြင်း၊ သတင်းမှား၊ သတင်းတုများရေးသားဖြန့်ဝေနေခြင်းများကို တွေ့ရှိနေရသဖြင့် တိကျမှန်ကန်သော အောင်ပွဲရသတင်းများအား အချိန်နှင့် တပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဟုလည်း အသိပေးထားသည်။

တိုက်ပွဲပြင်းထန်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ (၉)ရက်နေ့က စတင်ကာ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် မြို့တွင်းရှိ နေအိမ်အများအပြား ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံများလည်း မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

#TachileikNewsAgency

Photo: ချင်းညီနောင်မဟာမိတ်တပ်(ပုံဟောင်း)