စစ်ကောင်စီ သန်းခေါင်စာရင်း စကောက်နေပြီး ခရီးထွက်နေသူများကိုပါ ဖုန်းခေါ်ခိုင်းပြီး မေးမြန်း

စစ်ကောင်စီ သန်းခေါင်စာရင်း စကောက်နေပြီး ခရီးထွက်နေသူများကိုပါ ဖုန်းခေါ်ခိုင်းပြီး မေးမြန်း

စစ်ကောင်စီက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီဖြစ်ပြီး နိုင်ငံခြားရောက်နေသူများနှင့် ခရီးထွက်နေသူများ၏ အချက်အလက်ကိုပါကောက်ယူကာ ဖုန်းဆက်မေးမြန်းသည်အထိ လုပ်ဆောင်ကြောင်း သန်းခေါင်စာရင်းကောက်ယူခံရသူများထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များသည် ယနေ့ နံနက်(၇)နာရီတွင် နေအိမ်သို့ ရောက်ရှိလာပြီး  နေအိမ်ရှိလူဦးရေကိုကောက်ခံပြီးနောက် ခရီးသွားနေသူရှိပါက ဖုန်းနံပါတ်တောင်းယူကာ ဖုန်းဆက်မေးမြန်းခြင်းများပြုလုပ်သည်ဟု ဆိုသည်။

“အိမ်ကသန်းခေါင်စာရင်းကို မေးတယ်။ အိမ်မှာ ဘယ်နှစ်ယောက်ရှိသလဲ။ ဘာတွေလုပ်ကြသလဲ။ အလုပ်အကိုင်တွေလည်း တိတိကျကျမေးတယ်။ ခရီးထွက်နေသူရှိရင် ဘယ်ကိုခရီးထွက်သွားတာလဲ။ ဖုန်းခေါ်ပေး၊ ဖုန်းဆက်မေးမယ်ဆိုပြီး ဖုန်းဆက်မေးတယ်။”ဟု သန်းခေါင်စာရင်းကောက်ယူခံရသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ထို့နောက် သန်းခေါင်စာရင်းကောက်ယူသူများက ခရီးသွားနေသူအား မည်သည့်အကြောင်းကိစ္စကြောင့် ခရီးသွားခြင်း၊ မည်သည့်အလုပ်လုပ်ခြင်း၊ မည်သည့်ရက် ပြန်လာမည်ဆိုသည်များကိုလည်း မေးမြန်းကောက်ယူသည် ဟုဆိုသည်။

“ထူးထူးခြားခြားပြောပါဆိုရင် အိမ်မှာလူတစ်ယောက်ပျောက်နေတယ်။ ခရီးထွက်နေတယ်ဆိုရင်တောင်မှ ဘယ်ကိုထွက်တာလဲ၊ ဘာကိစ္စနဲ့ထွက်သွားတာလဲ။ အဲဒီလူနဲ့ဖုန်းအဆက်အသွယ်ရှိလား၊ ဖုန်းအဆက်အသွယ်ရှိရင် ဖုန်းခေါ်ပေး။ ဒါမျိုးတွေလုပ်တယ်။ အခုလိုမျိုး သန်းခေါင်စာရင်းကောက်တာကို မကြုံဖူးဘူးပေါ့နော်။ အခုလိုလုပ်တော့ ရပ်ကွက်ထဲမှာလည်း နည်းနည်းစိုးရိမ်တာတွေ ရှိကြတာပေါ့။ တချို့မိဘတွေကလည်း သားသမီးတွေကို စစ်မှုထမ်းဖို့ စာရင်းပါသွားလေမလားဆိုတဲ့ စိုးရိမ်မှုတော့ရှိကြတာပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောင်းသားများအား အသက်အရွယ်နှင့် ကျောင်းပညာအတန်းကိုမေးပြီး အသက်(၁၈)နှစ်မှစတင်ကာ လူလတ်ပိုင်းများကိုမူ အလုပ်အကိုင်ကို မေးမြန်းသည်ဟု ဆိုသည်။

 

“နိုင်ငံခြားရောက်နေသူတွေကို မေးတယ်။ ကျွန်တော် အစ်မတစ်ယောက်ဆိုရင် နိုင်ငံခြားရောက်နေတော့ ဘယ်နိုင်ငံမှာလဲ၊ ဘာအလုပ်လုပ်နေတာလဲ၊ နိုင်ငံခြားမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ ဆိုတာတွေမေးတယ်။ ဖုန်းတော့မခေါ်ခိုင်းဘူး။ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ မမေးသွားဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

သန်းခေါင်စာရင်းလာမကောက်ခင် ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ဖြည့်စွက်ရမည့် ပုံစံစာရွက်(၂)ရွက်ကို ကြိုတင်ပေးထားကာ သန်းခေါင်စာရင်းလာကောက်ယူချိန်တွင် အမျိုးသမီး(၃)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းတို့ပါဝင်ပြီး ရဲနှင့် စစ်ကောင်စီတပ်တို့က တိုက်ခန်းပေါ်အထိ တက်လာခြင်းမရှိဟု သိရသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲကို အကြောင်းပြကာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူမည်ဖြစ်ကြောင်း ကြေညာထားကာ လုံခြုံမှုမရှိသည့် ဒေသများတွင် လုံခြုံရေးအင်အားတိုး၍ ကောက်ယူမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုထားသည်။

#TachileikNewsAgency