ဆောမြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

ဆောမြို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ

မကွေးတိုင်း ဆောမြို့နယ်ရှိ ကံချောင်းကျေးရွာကို စစ်ကောင်စီလေတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်တွင် MiG-29 Jet Fighter တစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်သွားသည်ဟု ဆိုသည်။

“လေကြောင်း တိုက်ခိုက်တာမလုပ်ခင် Y-8 တစ်စီးနဲ့ ကင်းထောက်သေးတယ်။ အဲဒီနောက်မှ ဗုံးကြဲချတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီလေတပ်သည် လေကြောင်းမှ ရော့ကတ် (၁၅)လုံးထက်မနည်းပစ်ခတ်ပြီး (၃၈)မမ အေဂန်းဖြင့်လည်း အချက်(၂၀)ခန့် ပစ်ခတ်သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ်တချို့ ထိခိုက်ပျက်စီးပြီး စပါးခင်းများအတွင်းသို့လည်း လက်နက်များ ကျရောက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီလေတပ်၏ ကင်းထောက်လေယာဉ်သည် ချင်းပြည်နယ် မင်းတပ်မြို့ကို ဗုံးကြဲရန်အတွက် ဆောမြို့နှင့် တပြိုင်တည်း လေကြောင်းမှ ကင်းထောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီ လေတပ်၏ MiG-29 Jet Fighter (ပုံဟောင်း)